Saturday, March 31, 2012

ညရောင်အောက်က ....ဘ၀တွေ


ထိုနေ့ကကံဆိုးမိုးမှောင်မကျခဲ့ပါ။ ထိုနေ့က မိုးတို့မိသားစုတွင် ကံသာဆိုး၍ မိုးမမှောင်ခဲ့ပါဟု မိုးထင်မိသည်။ အမေဆုံးသွားပေမယ့် မိုးတို့မောင်နှမတွင် အဖေရှိနေသည့်အတွက် မိုးတို့မောင်နှမ တွင် မိုးမှောင်ခြင်းမရှိဟု မိုး…ကိုယ့်ကိုယ်ကိုအားတင်းလိုက်သည်။ အရွယ်မရောက်သေးတဲ့ မောင်လေး နဲ့ညီမလေးကို ကြည့်ကာ မငိုအောင်ထိန်းထားလိုက်သည်။ အခုချိန်တွင် သူတို့ဘ၀မမှောင်အောင် မိုးထွန်းညှိပေးရမည်ကို စိတ်ထဲအလိုလိုသိလိုက်သည်။

"ယခု သီဆိုဖျော်ဖြေသီဆိုဖို့ အလှည့်ကျသူကတော့....... မိုး..ဖြစ်ပါတယ်...."

မိုးဘ၀ အမှောင်ထဲရောက်နေပေမယ့် မမှောင်ဘူးဟုကိုယ့်ကိုယ်ကို စိတ်ထဲတင်းထားလိုက်သည်။ တဖျတ်ဖျတ်လက်နေတဲ့ ဆလိုက်မီးတွေလင်းနေတဲ့ စင်ပေါ်ကို အားတင်းစွာတတ်လိုက်ရင်း စည်းချက် ထဲ အလိုက်သင့် လွင့်မျောလိုက်သည်။ မိုးရဲ့ဘ၀ နောက်ဘာဖြစ်မယ်မသိပေမယ့် အခုတော့ နာမည်ကြီးဘီယာဆိုင်တစ်ဆိုင်ရဲ့ စင်မြင့်ပေါ်ကိုရောက်နေပြီ။ ပထမဆုံးပေမယ့် ကိုယ်ပိုင်နိုင်တဲ့ သီချင်းကို မာန်ပါပါဆိုလိုက်တယ်။ ဆိုင်ထဲမှာတော့ မိုး ဆီကို အပြာရောင်မျက်လုံးတွေနဲ့ ကြည့်နေတဲ့ ပုရိသတွေက အများကြီး ။


"တစ်နေ့တော့မင်းပြန်လာဦးမလား.... ဟိုး.တုန်းကလို ချစ်ဦးမလား......ဘာကြောင့်ငါ့ကို မုန်းသွားခဲ့လည်းဖြေ ဒါအိပ်မက်တွေ......"

ဆိုနေရင်း အဖျားခတ်တုန်ရီလာတဲ့ အသံကို မရိပ်မိအောင်ထိန်းရင်း သီချင်းတစ်ပုဒ်လုံး ပြီးဆုံးအောင် သီဆိုလိုက်သည်။ လက်ခုပ်သံတွေ မိုး ကြားလိုက်ရပေမယ့်  လက်ခုပ်သံတွေကြားမှာ... တပ်မက်မှုတွေပါတယ်ဆိုတာ ဒီအလုပ်ကိုမ၀င်ခင်ကတည်းက မိုးကြိုသိနေသည်။ ဘ၀မှာ တခါတရံ ဖြစ်ချင်တာတွေ မဖြစ်ရတာ မဖြစ်ချင်တာတွေ ဖြစ်ခဲ့တာတွေအတွက် ဘယ်သူ့ကိုမှ မိုး  အပြစ်မတင် ချင်ပေ။ ကိုယ့်ဘ၀နဲ့ကိုယ်ပဲလို့ပဲ တွေးထားလိုက်သည်။ ဘ၀တစ်ခုကို ရုန်းကန်ရပ်တည်ဖို့အတွက် တစ်ခုခုတော့ ပေးဆပ်ကာ နေရဦးမည်။

                    ************************************************
 "မကြီး... သမီးဗလာစာအုပ်ကုန်သွားပြီ ဗလာစာအုပ်ဝယ်ဖို့ ပိုက်ဆံပေးပါဦး....."

"သားကိုရော.... ပေးပါ.... ဗလာစာအုပ်သုံးအုပ် ထပ်ဝယ်ရမယ်...."

(9)တန်းကျောင်းသူ ညီမလေးနဲ့ (7)တန်းကျောင်းသား မောင်လေးကို မိုး..ကြည့်မိလိုက်သည်။ နှစ်ယောက်စလုံး ပိုက်ဆံတောင်းနေပေမယ့် အားနာနေသလိုလို။ ညီမလေးနဲ့ မောင်လေးကို ဗလာစာအုပ်ဖိုးပေးရင်း မိုး အဖေ့ဘက်လှမ်းကြည့်မိသည်။ ကုလားထိုင်မှာ ထိုင်နေတဲ့အဖေ။ ပြတင်း ပေါက်ကနေ အပြင်ဘက်ကို ငေးလို့။ အမေဆုံးသွားတဲ့နောက်ပိုင်း အဖေလည်း ကျန်းမာရေးမကောင်း တော့ပေ။ မိုး...သိသည်။ စိတ်ပဲထင်ပါရဲ့ လူတစ်ယောက်မှာ စိတ်ကျရင် အကုန်ကျတယ်ဆိုတာ အဖေကိုကြည့်တာနဲ့ မိုး....ယုံသွားသည်။

"အဖေ...သမီးအလုပ်သွားတော့မယ်နော်..... ဟင်းတွေ ထမင်းတွေ အဆင်သင့်လုပ်ခဲ့တယ်..... သူရ နဲ့ အိစံ ကျောင်းဆင်းရင် အိမ်ကိုတန်းပြန်နော်.... အဖေတစ်ယောက်တည်း......မို့လို့..."

နံနက်ပိုင်း မိုးရဲ့အလုပ်က Shopping Mall တစ်ခုမှာ အရောင်ဝန်ထမ်းဖြစ်သည်။ အမေမရှိတော့ တဲ့နောက်ပိုင်း မိုးတို့မိသားစုက တဖြည်းဖြည်းကြပ်တည်းလာသည်။ အဖေ့ပင်စင်နှင့်လည်း အဆင် မပြေ။ သည်လိုနှင့် အားလပ်နေတဲ့ ညပိုင်းကို မိုးအလုပ်တစ်ခုရခဲ့သည်။ တက္ကသိုလ်တစ်ပိုင်းတစ်စနှင့် ကျောင်းဆက်တက်ချင်သော်လည်း အဝေးသင်ဖြင့်သာ မိုးနှစ်သိမ့်လိုက်ရသည်။ စည်ကားလှသည့် ဘီယာဆိုင်ကြိးမှာ လစာနှင့်အပိုဆုကြေးဖြင့် နေ့ပိုင်းအလုပ်ရသော လစာနှင့်ပင် မိုးတို့မိသားစု ဟန်မပျက်နေနိုင်ခဲ့သည်။ နေ့ပိုင်းအလုပ်မှာပင် သိုသိုသိပ်သိပ်ဖြင့်သာ မိုးနေခဲ့ရသည်။ ဘောင်တစ်ခု တည်းဖြင့်ကြည့်တတ်သော ပတ်ဝန်ကျင်ကို မိုးသိနှင့်နေသောကြောင့်ဖြစ်သည်။

"မိုးရေထဲမှာ....အချစ်ရယ်ခဏလေး တွေ့လိုက်မိတိုင်း... စိတ်လှုပ်ရှားတဲ့ မင်းလေးအကြည့်များ စွဲလန်းနေပြီ.... တို့ရင်ထဲမှာ မင်းကိုဘယ်လောက်များ ချစ်မိလို့သွား... တို့ကိုတို့တောင် မသိလိုက်မိပါလား........."

မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့အတိုင်းပဲ.... မိုး..သည်အလုပ်ကို မနှစ်သက်ပေမယ့် အဖေ ၊ မောင်လေး နဲ့ ညီမလေးအတွက် မိုး.... အောင့်ကာနမ်းရဦးမည်။

"မမိုး......... မမိုးကို..... ဟိုနားက နှစ်ယောက်တည်းထိုင်နေတဲ့ဝိုင်းက တွေ့ချင်လို့တဲ့....."

waiter ကောင်လေးလာပြောသည်နှင့် မိုး...တစ်ချက်လှမ်းကြည့်လိုက်မိသည်။ မိုး...နဲ့ ရွယ်တူ ကောင်လေးနှစ်ယောက်ကို တွေ့ရသည်။ ဘီယာဆိုင်မှာ သီချင်းဆိုသော မိန်းကလေးများသည် ပန်းကုံးဆုချသူမှ တွေ့ချင်သည်ဆိုလျှင် ထိုဝိုင်းတွင်သွားရ်ျ စကားပြောရသော အလေ့အထသည် စည်းကမ်းလိုဖြစ်နေသည်။ မိုး........မသွားချင်ပါ.... အလုပ်သဘောအရဆို သွားရတော့မည်ဖြစ်သည်။ မိုး... ယခုလိုမျိုး ခေါ်ခံရသည်မှာ ပထမဆုံးဖြစ်သည်...။ လှမ်းနေသောခြေလှမ်းများသည် ပုံမှန်ဟုဆို သော်လည်း အနည်းငယ်လှုပ်ခတ်နေလိမ့်မည်။ သို့သော် တွန်းအားပေးနေသော အရာတစ်ခုက မိုးထဲတွင် ရှိနေပြီးဖြစ်သည်။

                 **************************************************

စားပွဲရှေ့ရောက်ရောက်ချင်းပင် စိတ်ထဲမပါသော အပေါ်ယံအပြုံးတစ်ခုကို မိုး..ထိုင်နေသော လူနှစ်ယောက်ပေါ်သို့ လွှင့်ချလိုက်သည်။ နှစ်လိုဖွယ်ရှိသော အပြုံးတစ်ခုကို နှစ်ယောက်လုံးထံမှ တုံ့ပြန်လာသည်ကို မိုးတွေ့လိုက်ရသည်။

"နာမည်က မိုးတစ်လုံးတည်းပဲလားဗျ......"

"ဟုတ်ပါတယ်....."

"သီချင်းဆို ကောင်းတယ်နော်.........."

"ကျေးဇူးတင်ပါတယ်.........."

"ဒါလေးပြောချင်လို့ပါဗျာ..... ကျွန်တော်တို့ မိုး...ကို ဘာမှမလုပ်ပါဘူး..... မိုး.... မထိုင်ချင်တော့ဘူးဆို ပြန်လို့ရပါပြီ။  ကျွန်တော့်နာမည်မှတ်သွားဦးနော်.... မိုးအောင်ပါ... "

မိုးအောင်ဆိုသော ကောင်လေးဘေးမှ သူငယ်ချင်းမှာ ဘာမှမပြောပြှုံးသာပြုံးနေသည်ကို မိုးတွေ့ရသည်။ဟူး....တော်ပါသေးရဲ့... မိုး..စိတ်ထဲမှပြောမိလိုက်သည်။ ဘီယာဆိုင်မှာ သူတော်ကောင်းနှင့်တွေ့သည်ပြောရမည်။ တချို့ဆိုလျှင် ပန်းကုံးစွပ်ပြီး ၀ိုင်းတွင်ထိုင်ခိုင်းပြီးလျှင် ရိတိတိပြောကြသည်။ မိုး...ကံကောင်းသွားသည်။ ရာနှုန်းပြည့်တော့ သူတော်ကောင်းမဖြစ်နိုင် သူတော်ကောင်းဆို ဘီယာဆိုင်ဘယ်လာမလဲဟု မိုးထင်မိသည်။ သတ်သတ်လွတ်စားတဲ့ကျား မှ မရှိဘဲကိုး။ ကိုယ်ရည်ရွယ်ရာရောက်ဖို့အတွက် မနင်းချင်တဲ့ လှေကားထစ်တွေကိုလည်း နင်းပြီး တက်သွားရဦးမည်။

နောက်ရက်တွေမှာတော့....... မိုး.... မိုးအောင်ဆိုသော ကောင်လေးအားမတွေ့ရတော့ချေ။
"ငိုနေမယ် မိုးသည်းထဲမှာကွယ်.... မိုးမြင့်ကောင်းကင်ယံထက်မှာကွယ် ထိန်းထားတဲ့ကိုယ်ရဲ့စိတ်တွေ ဖြေလည်းမရတယ်...."

မိုးဆီသို့ ပန်းကုံးတစ်ကုံးရောက်လာလေသည်။ အောက်ဘက်ရှိ စားပွဲဝိုင်းတစ်ဝိုင်းသို့ ကြည့်လိုက်သောအခါ... လက်ပြနေသော မိုးအောင်ကို မိုးတွေ့ရသည်။

"မမိုး.......မမိုးကိုခေါ်နေတယ်........မိုးအောင်တဲ့...."
စင်ပေါ်မှ ဆင်းဆင်းလာချင်း...... ကြားလိုက်ရသောစကားဖြစ်သည်...။

"မိုး.....သီချင်းဆိုတာ အရမ်းကောင်းတယ်.... ခုသည်ကိုလာတာ မိုးဆိုတာ နားထောင်ချင်လို့ပါ... ကျွန်တော်လည်းသိပ်မသောက်တတ်ဘူးလေ..ခုတောင် တော်တော်များနေပြီ...."

"ကျေးဇူးတင်ပါတယ်........မိုးအောင်..."

"ဟာ...ကျွန်တော့်နာမည်ကို မှတ်မိတယ်ဟုတ်လား...ကျွန်တော်က မိုး...မေ့နေပြီထင်တာ..."

"မမေ့ပါဘူး.......မိုးအောင်ရယ်.... "

"ကျွန်တော့်ဆီလာပေးတဲ့အတွက် ကျေးဇူးဗျာ... မမိုး...ပြန်ချင်ရင်ပြန်တော့လေ... အကြာကြီးထိုင်ရင်မကောင်းဘူးဗျ သည်နေရာက ..."

"ထပ်ကျေးဇူးတင်ပါတယ်.... မိုးအောင်..နားလည်ပေးတဲ့အတွက်..."

ဒီည မိုး...အိပ်မပျော်ချေ..........။ မိုးအောင်ဆိုသောသူသည်မိုးအတွေးထဲ ရောက်နေလေသည်။ မဖြစ်နိုင်ပါဘူးဆိုတဲ့ အတွေးကို ခေါင်းထဲထည့်ပြီး ကျိတ်မှိတ်ရ်ျ အိပ်ပစ်လိုက်သည်။ မိုးခေါင်းထဲတွင် မောင်လေး၊ ညီမလေးနှင့်အဖေသာစိုးမိုးနေသည်။

                           ***********************************

"တကယ်ဆိုရင် အချစ်ပဲလိုတယ်... ဘာကြောင့်သတ္တိမရှိလဲကွယ် ပြန်အသစ်မဖြစ်တဲ့ ဘ၀အဟောင်းမျိုးထဲမှာ မောင်ဘာတွေကိုလိုဦးမလဲ အချစ်ပဲ...လိုတယ်....."

မိုး...ဆီကို ပန်းကုံးတစ်ကုံးရောက်လာရ်ျ... အောက်ဘက်သို့လှမ်းကြည့်လိုက်သောအခါ... မိုးအောင်ကိုမတွေ့ရပါ။ စိတ်ထဲတွင် သူဟုတ်ချင်မှလည်း ဟုတ်မှာလေ.. ဟု စဉ်းစားလိုက်သည်။ မိုးအောင်မဟုတ်ဘဲ တခြားသူလည်း ပန်းကုံးပေးနိုင်တာပဲမဟုတ်လား။ စားပွဲဝိုင်းများရှိရာသို့ သီချင်းဆိုနေရင်း ရှာနေမိသော်လည်း မိုးအောင်ကို မိုးမတွေ့ရချေ။ ဂျူတီချိန်ပြီးပြီမို့ အိမ်ပြန်ရန် မိုးဆန္ဒစောနေချိန်တွင်…။

“ဝေါ…ဝေါ….”
မိုးက ဆိုင်းမဆင့်ဗုံမဆင့် ရွာချလာလေသည်။ သည်နေ့မှ ထီးလည်းမပါချေ။ ပြဿနာပဲ။ အိမ်မှာကျန်ခဲ့သော အဖေကတော့ မိုးမလာမချင်း မအိပ်ဘဲ ထိုင်စောင့်နေမည်ကို မိုးသိလေသည်။ သရဲကြောက်တတ်သော ညီမလေးအား သူစာကျက်လျှင် မိုးထိုင်စောင့်ပေးရဦးမည်။ မိုးရွာနေတာကို ကြည့်ရင်းပင် ရင်ထဲဆို့နင့်နင့်ကြီး ဖြစ်လာတော့သည်။ သက်ပြင်းတစ်ချက်ချ၍ ဖြစ်ချင်တာဖြစ်ဟု စိတ်ထဲမှဆိုကာ မိုးရေးထဲတော့ ပြေးထွက်လိုက်မိသည်။ ရန်ကုန်မိုးအစိုးမရတဲ့ ရန်ကုန်မိုးမှမဟုတ်ပေ မိုးဘ၀သည်လည်း ဘယ်တော့အစိုးရမည်လဲဟု မိုးတွေးနေမိသည်။ မိမိဘ၀အားစဉ်းစားရင်းပင် ရင်ထဲလှိုက်ကာ မျက်ရည်များဝဲလာတော့သည်။ မိုးလက်ထဲရှိ ပိုက်ဆံအိတ်ကလေးကိုသာ ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားမိသည်။

"ဟင်....."

မိုးနှုတ်မှ အသံတစ်သံထွက်သွားမိ၏။ သည်းသည်းမည်းမည်း ရွာနေသောမိုး တိတ်သွားသည်လာဟု မိုးထင်လိုက်မိသည်။ ရွာနေသောထစ်ချုပ်န်းမိုးသည် တိတ်မသွားပါ။ မိုးအပေါ်တွင် ထီးတစ်ချောင်း လာရောက်မိုးခြင်းကို ခံလိုက်ရသည်။ အဖြစ်အပျက်သည် မြန်ဆန်သော်လည်း မိုးရေထဲတွင် အေးစက်နေသော မိုးအဖို့ မမြန်ဆန်ပေ။ မိုး....အပေါ်တွင် ထီးတစ်ချောင်းလာမိုးပေးသူသည် ဘယ်သူလဲဟု လှည့်အကြည့်တွင်...။

"မိုးအောင်..."
 "ဟုတ်တယ်.... မိုးကို ပန်းကုံးစွပ်ပြီးကတည်းက... ကျွန်တော်စောင့်နေတာ... ခုတောင် အပြေးလိုက်လာတာ...."

မိုး..........မိုးအောင်ကို တစ်ချက်ကြည့်လိုက်သည်။ မိုးရှာတုန်းက သူ့ကို မိုးမတွေ့ရပေ။ မိုးနောက်လိုက်လာဖို့ သူရှောင်နေတာလည်းဖြစ်နိုင်သည်။ မိုးတစ်ချက် မျက်မှောင်ကျုံ့ကာ ကြည့်လိုက်သည်။

"ဘာရည်ရွယ်ချက်နဲ့လဲ..........မိုးအောင်..."

မိုးမေးသောမေးခွန်းကို မိုးအောင်ဖြေဖို့ ခက်ရွံ့ရွံ့ဖြစ်သွားလေသည်။ ပြီးမှ မိုးအားတစ်ချက်စိုက်ကြည့် ကာ စကားတစ်ခွန်းကို ပြောလေသည်။ သူပြောသောစကားတစ်ခွန်းအား မိုးကြားလိုက်ရသောအခါ ရွာနေသာမိုးရပ်တန့်သွားသလို ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

"ကျွန်တော် မိုးကိုချစ်လို့ပါ.......... အခွင့်ကောင်းယူတာမဟုတ်ဘူးနော်..မိုး......  ကျွန်တော် မိကောင်းဖခင်သားသမီးပါဗျာ.."

နင့်သည်းစွာထိုးဖောက်ဝင်ရောက်လာသော စကားတစ်ခွန်းသည် မိုး၏ရင်ဝသို့ စူးနင့်စွာ ထပ်မံဝင်ရောက် ပြန်သည်။ မိုးရေရွှဲနေတဲ့ ဆံစကို နားနောက်သို့သပ်တင်ကာ ၀ဲနေသော မျက်ရည်စတစ်စကို သူမသိအောင် အသာသိမ်းလိုက်ရင်း။

"အခြေအနေတွေ အရမ်းကွာခြားလွန်းပါတယ် မိုးအောင်ရယ်... ကျွန်မဘ၀နဲ့... ကျွန်မအကြောင်း ရှင်ဘယ်လောက်သိလို့လဲ.."
မိုးပြောလိုက်သောစကားတွင် ဘ၀ကိုနားကြည်းစွက်ဖက်သံများ အဖျားခတ်ပါဝင်သွားလိမ့်မည်ဟု မိုးသိသည်။ သို့ပေမယ့် မတတ်နိုင်ပါ။

"သိသင့်သလောက်တော့ သိပြီးပါပြီဗျာ..........."

"ကျွန်မစဉ်းစားပါရစေဦးရှင်........ခုလောလောဆယ် ကျွန်မနောက်က မလိုက်ခဲ့နဲ့တော့....ကျွန်မကိုသနားရင်ပေါ့......."

မိုးအောင်ကိုကျောခိုင်းရင်း......... မိုး..လမ်းဆက်လျှောက်လာမိသည်။ နောက်သို့ လှည့်မကြည့်ဖြစ်အောင် မိုး.... ထိန်းထားမိသည်။ သို့ပေမယ့်........... မိုး....စိတ်ကိုထိန်းရ်ျမရပါ။ မိုးလည့်ကြည့်လိုက်မိသည်။ မိုးအောင် လက်ပြနေသည်ကို မိုး... ၀ါးတားတားတွေ့ရသည်။ မိုးရွာနေသောကြောင့်လားဆိုတော့.......... မိုးလက်သည် ပါးပြင်ပေါ်သို့ရောက်သွားသည်။ ပူနွေးနွေးအထိအတွေ့ကို သိရလိုက်တော့ မိုးငိုနေမှန်း သိတော့သည်။ မှောင်မိုက်မိုက်နှင့် မိုးသည်းသောညမှာ.......... မိုး နှင့် မျက်ရည် ရောနှောနေသော ခံစားမှုသည် ခံစားဖူးသူမှသာ သိမည်ဟု မိုး........ထင်သည်။ အချစ် နှင့် ဘ၀ကြားတွင် ရုန်းကန်နေရသောသူသည်........ ဘ၀အတွက်ရော အချစ်အတွက်ပါ ထိခိုက်ဖူးသူများသာ ဖြစ်ပေလိမ့်မည်................။

              ******************************************************

တချို့ ဘ၀တွေသည် ကြမ်းတမ်းမှုတွေများနေလိမ့်မည်။ တချို့ ဘ၀တွေသည် ချောမွေ့မှုများ များကောင်းများလိမ့်မည်။ တချို့ ဘ၀တွေသည် မွန်းကြပ်စရာကောင်းလိမ့်မည်။ တချို့ညတွေသည် ကြောက်စရာကောင်းလိမ့်မသည်။ တချို့ညတွေသည် အေးချမ်းနေလိမ့်မည်။ တချို့ညတွေသည် ကြယ်ရောင်စုံလင်းလက်နေလိမ့်သည်...........။
မိုး........ဘ၀ ရဲ့ ညတွေကတော့......... မှောင်မည်းခြင်းအလယ်မှာ ကြယ်တစ်စင်းကို စောင့်မျှော်နေလျှက်ပင်............။

ကြိုးစားပါဦးမည်။
Denial Dennis
မတ်လ ၃ရက် ၂၀၁၂
စနေနေ့ ညနေ ၃း၃၁မိနစ်။

2 comments:

  1. မိုးအောင်နဲ့မိုးတို့ရဲ့ အကြောင်းလေးပေါ့
    အချစ်ကလဲကြမ်းတမ်းမှုတွေရဲ့ ထွက်ပေါက်(တခါတလေ)
    ဖြစ်တတ်ပါတယ်

    ReplyDelete
  2. ဇာတ်လမ်းကို အဆုံးမသတ်သလို ခံစားရတယ်............ မဂျက် အထင်ပေါ့.......

    အစဉ်အမြဲအားပေးလျက်.........

    မဂျက်

    ReplyDelete