အဲသည်နေ့ အဲသည်နေ့ကိုပေါ့ သူဘယ်လိုမှ
မေ့လို့မရခဲ့ဘူး။ အခုထိလည်း မျက်လုံးထဲမှာ မြင်ယောင်နေတုန်းပဲ။ သူ့အမေ
မုဆိုးမကြီးလေ အိမ်ရဲ့နံရံကိုမှီရင်း ချုံးပွဲချ
ဝမ်းနည်းပန်းနည်းငိုတဲ့နေ့။
အဲသည်နေ့က သူ့အမေ့ကိုပဲ သူကြည့်နေမိတယ်…။ အိမ်အနောက်က အခန်းမှာ သူရဲ့မရီး အသစ်စက်စက်ကလေးက ရောက်နှင့်နေပြီ။ သူ့အစ်မနှစ်ယောက်ကတော့ သူမရီးဘေးမှာ ရှိနေကြတယ်။ စကားတပြောပြောနဲ့ အော်ငိုနေတဲ့ သူ့အမေ။ သြော်… အဖေသေတာတောင် မျက်ရည်မကျခဲ့တဲ့ အမေ။ သူတို့မောင်းနှမငါးယောက်ကို မုဆိုးမတစ်ယောက်အဖြစ်နဲ့ မျက်နှာတစ်ချက်မမဲ့ဘဲ ရုန်းကန်ခဲ့တဲ့ မုဆိုးမကြီး။ ခုတော့လည်း ချုံးပွဲချပြီး ငိုနေလို့ ဘယ်သူကြည့်ရက်ကြသလဲ။
တကယ်တော့ တရားခံက အခုထိမှ ရောက်မလာသေးပဲကိုး။ ရောက်လာလည်း ဘယ်သူမှ ဘာမှမတတ်နိုင်တော့ဘူးလေ။ အဖြစ်အပျက်တွေက မြန်လွန်းလှတာကိုး လက်ဖျောက်တီးတာမှ ကြာဦးမယ်။ အမေ့ရဲ့ မျှော်လင့်ချက်တံတိုင်းတွေကလည်း တစ်ခုပြီး တစ်ခုပြိုနေတာကိုး။ သူ့အမေ မုဆိုးမကြီး ဘယ်လောက်အသည်းမာမာ ခံနိုင်ရိုးလား။ သူလည်း သူ့အမေကိုသာ ငေးပြီးထိုင်ကြည့်နေနိုင်တော့တယ်။
*** *** *** ***
“အုန်းမြင့်… ဟေး…မခင်အုန်းမြင့်…..”
အိမ်ရှေ့က ခေါ်သံကို ကြားလိုက်ရတဲ့သူရော သူ့အစ်မကြီးပါ အသံလာရာအိမ်ရှေ့ကိုထွက်ကြည့်မိ လိုက်တယ်။ ဈေးက ဆိုင်သိမ်းသိမ်းလာချင်း ထမီရင်လျားနဲ့ ရေခွက်ကိုင်လျက်သား သူ့အမေပြေးထွက်လာ တော့တာပါပဲ။
“ခင်အုန်းမြင့် …. နင့်သားထိန်လင်း ရန်ဖြစ်နေလို့ဟဲ့ … လာဆွဲပါဦး…”
ထမီရင်လျားနဲ့ သူ့အမေ ရန်ပွဲရှိတဲ့နေရာကို ပြေးသွားလိုက်တာများ အပေါ်ပိုင်း ဘာမှတောင်မ၀တ်နိုင်ဘူး ဒါတွေကဖြစ်နေကျတွေပါ။ တစ်ပတ်မှာ ရှစ်ရက်၊ တစ်လမှာ ရက်(၄၀)လောက် ကိုကြီးရန်ပွဲကိုဆွဲဖို့ ထမီရင်လျားနဲ့လိုက်ရတဲ့အမေ ဒါမျိုးတွေက နေ့တိုင်းလိုလိုပဲလေ။ အဲဒီဇာတ်လိုက်ကျော်က သူ့အမေရဲ့ နံပါတ်(၁)မျှော်လင့်ချက် တံတိုင်းကြီးပေါ့။
ဟော့်….. ပါလာပြီ ပါလာပြီ ယိုင်နဲ့ ယိုင်နဲ့။ ထမိန်ရင်လျားနဲ့အမေက လက်တစ်ဖက်ဆွဲ ဆိုးဖော်ဆိုးဖက် ဘော်ဒါကတစ်ဖက်နဲ့ အိမ်ပေါ်ကိုတက်လာပြီ။ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ အော်နေတာ အနံ့လေးကလည်း တထောင်းထောင်းပေါ့။ ပြောလိုက်ရင်ဆွေမျိုးတွေကိုစိတ်နာလို့ အမေမုဆိုးမကြီးကို နှိမ်လို့ သူ့ပါးစပ်က ဒါတွေပဲ ထွက်လာမယ်။ ရှစ်တန်းဆိုတဲ့ ပညာရေးမှာ နှုတ်ထွက်ခွင့်အကြိမ်ကြိမ်တင်ခဲ့ရတဲ့ကျောင်းသား။ အမေ့ရဲ့ မျှော်လင့်ချက်တံတိုင်းကြီး နံပါတ်(၁)။
“ကိုကြီးတို့ကလည်း အမြဲတမ်းဒီလိုချည်းပဲ အမေ့ကို သနားပါဦး”
အမေ့ရဲ့မျှော်လင့်ချက်ထီးငယ်လေး နံပါတ်(၃) မကြီးက သူ့အကျင့်အတိုင်း ပွစိပွစိ ဟောင်ဖွာဟောင်ဖွာ ပြောတော့တာပဲ။
“နင်က ဘာလာရှည်နေတာလဲ……”
ပြောလည်းပြော လူတွေဆွဲနေတဲ့ကြားက မကြီးကိုလှမ်းကန်လိုက်တဲ့ခြေထောက်က မကြီးဆီမရောက်ဘဲ စီးထားတဲ့ ဘွတ်ဖိနပ်ကြီးပဲ ကျွတ်ထွက်သွားတယ်။ အသည်းငယ်တဲ့ အစ်မကြီး မေ့ကိုလဲရော။ အမေ့ရဲ့မျှော်လင့်ချက်တံတိုင်းကြီး နံပါတ်(၁)လည်း ရန်ဖြစ်လို့မောသွားတယ်ထင်တယ်။ ခုတော့..အိပ်ပျော်လို့…. ထိပ်ဦးစနေ မီးလိုမွှေတဲ့ အကြီးစနေသားကို သူ့အမေက ရန်မဖြစ်ပြီးရောဆိုပြီး သူ့အဒေါ်ရှိရာ ကော့သောင်းကိုပို့လိုက်တယ်။ အဲသည်နေ့ကစပြီး သူ့အမေလည်း ထမီရင်လျားနဲ့ ရန်ပွဲလိုက်မရှင်းရတော့ဘူး။ အမေ့ရဲ့ အဲသည်နံပါတ်(၁)တံတိုင်းကြီးပြိုလဲသွားမယ်ဆို သူ့အမေ အဲသည်ကိုလွှတ်ပါ့မလား။ ကံကြမ္မာဆိုတာ မြူမှုန်အုပ်ဆိုင်းဆိုင်းမှာ လမ်းလျှောက်နေတဲ့လူတစ်ယောက်လိုပါပဲ ဘယ်သူကြိုမြင်နိုင်မှာမို့လို့လဲ။ အမေ့ရဲ့ မျှော်လင့်ချက်တံတိုင်းကြီးမသွားခင်မှာ အရင်ရောက်နှင့်နေတဲ့သူရှိတယ် ဘယ်သူလဲ သိလား။
*** *** *** *** ***
အတိုင်အဖောက်ညီတဲ့ သူနဲ့ သူ့အစ်မကြီးက အမေ့ကို တိတ်တိတ်လေးခေါ်ပြီး အံ့သြစရာတစ်ခုပြလိုက်တယ်။ သူ့တို့အိမ်သာထဲကနေ မီးခိုးတွေ ထွက်လာလို့လေ။ အိမ်သာတံခါးကို အမေဆွဲဖွင့်လိုက်တယ် ဆိုရင်ပဲ ဆေးပေါ့လိပ်ကိုဖွာနေတဲ့ နံပါတ်(၄)မျှော်လင့်ချက်ထီးလေးပေါ့။ တံမြက်စည်းကိုင်ပြီး ချလိုက်တဲ့အမေ ဟိုတစ်ယောက်လည်းကုတင်ပေါ်တက်ပီးငိုနေလို့။ အသက်က(၁၆-၁၇)ပဲရှိသေးတယ် ဆေးလိပ်ကသောက်နေပြီ။ ဘာထူးလဲ သူ့အမေလည်း (၁၆)နှစ်သမီးကတည်းက ဆေးပေါ့လိပ်သောက်ခဲ့တာ ခုထိပဲလေ။
(၅)တန်းနဲ့ကျောင်းကို ၀င်လိုက်ထွက်လိုက်လုပ်ပြီး စက်ချုပ်သင်ချင်တယ်ဆိုတော့လည်း မရှိမဲ့ရှိမဲ့ စုထားတဲ့ပိုက်ဆံနဲ့ အဒေါ်ရှိရာ ကော့သောင်းကို အမေ့ရဲ့ မျှော်လင့်ချက်ထီးလေး နံပါတ်(၂)က အရင်ရောက်သွားတာပေါ့။ အဲသည်အချိန်ကလည်း သူ့အမေ မျက်ရည်မကျခဲ့ပါဘူး။ မျှော်လင့်ချက်အရောင်တွေ သူ့အမေမျက်ဝန်းမှာ တောက်နေတာ သူမြင်လိုက်ရသေးတယ်။
*** *** *** ***
အိမ်ထဲကနေ ခြံဝကိုသူကြည့်လိုက်တယ် ပြန်လာပြီ ပြန်လာပြီ တရားခံကြီး။ အမေ့ရဲ့ နံပါတ်(၂) မျှော်လင့်ချက်တံတိုင်းကြီးပေါ့။ ၀မ်းနည်းပက်လက်ငိုနေတဲ့ အမေ့ကိုတစ်ချက်သာကြည့်တယ်။ အမေ့ဆီတောင် မသွားဘဲ သူ့မိန်းမအသစ်စက်စက်ဆီကို သွားပြီး…. “အား..မငယ်နဲ့တဲ့လေ…”
သူ့အမေငိုလည်းငိုစရာပဲ ရှိရှိသမျှပေါင်နှံပြီး နိုင်ငံခြားသွားဖို့လွှတ်ပါတယ်။ နက်ဖန် သန်ဘက်ခါပဲ သွားရတော့မယ်…။ ဒီနေ့ မိန်းမကောက်ယူလိုက်တယ်။ သူ့အမေငိုပြီးပြောနေတဲ့ စကားတစ်ခွန်းပဲ သူကြားလိုက်ပါတယ်။ အဲသည်ကြားလိုက်ရတဲ့ စကားတစ်ခွန်း အခုအချိန်ထိ သူ့ရင်ထဲက မထွက်ဘူး။
“လုပ်ရက်လိုက်တာ….” တဲ့…….
အမေ့ရဲ့ နံပါတ်(၂)မျှော်လင့်ချက်တံတိုင်းကြီး ပြိုပျက်ခဲ့တဲ့နေ့လေ အဲသည်နေ့ကို သူဘယ်တော့မှ မမေ့ဘူး…။
*** *** *** ***
လောကမှ ပျော်စရာတွေဟာ တခါတရံလာတတ်သား ဘယ်သူမှမပြောနဲ့ အကုန်လုံးသိနေကြတာပဲ။ ဘ၀ဆိုတာ အနိမ့်အမြင့်ဆိုတာ ရှိတယ်လေ။ သူ့အမေရဲ့ဘ၀မှာ အပြုံးတစ်ခုကို အမေ့ရဲ့ နံပါတ်(၃)မျှော်လင့်ချက် ထီးကလေးဘွဲ့ယူတဲ့နေက သူတွေ့ခဲ့တယ်။ မောင်နှမတွေထဲမှာ မကြီးက ပထမဆုံးဘွဲ့ရသူလေ… မကြီးဘွဲ့ယူတဲ့နေ့က အမေ့ဘေးမှာ တစ်ယောက်လွတ်နေတာကြည့်ပြီး ၀မ်းနည်းဝမ်းသာ ဖြစ်မိသေးတာ။ အဲသည်တုန်းက ဘော်လီချုပ်ပြီး သားသမီးတွေကို ရှာကျွေးနိုင်တာ လွယ်တာမှတ်လို့။ သမီးဘွဲ့ယူပြီး ဓာတ်ပုံရိုက်တော့ သူ့အမေမုဆိုးမကြီးအပြုံး လှနေသား။ အပြုံးမျက်ဝန်းတွေထဲမှာ ခပ်လဲလဲရောင်ခြည်လေးတွေ သန်းလို့ သူမြင်ဖြစ်အောင်မြင်လိုက်သေးတယ်။
*** *** *** ***
အမေ့ရဲ့ နံပါတ်(၁)မျှော်လင့်ချက်တံတိုင်းကြီးကတော့ ကော့သောင်းနယ်စပ်ဘက် ငါးဖမ်းစက်လှေလိုက်ရင်း နယ်စပ်ဘက်မှာနေခဲ့တာ သတင်းအစအနမရတော့ဘူးတဲ့။ အဲသည်စကားတွေ ကြားရတော့ သူ့အမေ နံပါတ်(၂)တုန်းကလို မငိုတော့ဘူး ရစ်ဝဲ၀ဲမျက်ရည်တွေပဲ သူ့အမေ မျက်ဝန်းထဲမှာ သူတွေ့လိုက်ရတယ်။ မျှော်လင့်ချက်တံတိုင်းတွေ ပြိုလဲနေတဲ့ အမေ့အတွက် ငယ်သေးတဲ့သူကတော့ အမေ့လက်မောင်းကို ပွတ်သပ်ချော့ပေးဖို့ပဲရှိတော့တယ်လေ။ ရော့တွဲစပြုတဲ့ အမေ့လက်မောင်းက အမြဲနွေးထွေးနေတာ သူခံစားလိုက်ရတယ်။
တံတိုင်းဆိုတာ နေရာတစ်ခုကို လုံခြုံအောင်ကာရံဖို့လေ။ သူဟာ ခိုင်ခံဖို့လိုမယ် ထူထဲဖို့လိုမယ်။ ၀င်လာသမျှ ရန်ကို ကြံ့ကြံ့ခိုင်နိုင်ရမယ်။ အမေ့ရဲ့မျှော်လင့်ချက်တံတိုင်းတွေ တစ်ခုပြီးတစ်ခုပြိုကျတော့ တစ်ခါတစ်လေ အမေအဝေးကိုငေးနေနေတတ်တာ သူတွေ့မိတယ်။ သူ့အမေဘယ်လိုခံစားရမလဲဆိုတာ သူမပြောတတ်တော့ပါဘူး။ မုဆိုးမအမေတစ်ယောက်ရဲ့ ခံစားချက်က တကယ့်ကို ပြည့်သိပ်နေမှာပေါ့။
*** *** *** ***
ထီးဆိုတာ အရိပ်တစ်ခုကို ဖန်တီးပေးနိုင်တယ်။ ပူတဲ့နေရာတွေမှာ အေးစေပြီး စိုစွတ်တဲ့အချိန်မှာ နွေးထွေးစေတယ်။ တံတိုင်းတွေလို မခိုင်ခံ့ပေမယ့် အလွယ်တကူရွေ့လျား နိုင်တယ်လေ…။
အမေ့ရဲ့ မျှော်လင့်ချက်ထီးလေးတွေကတော့ သူတို့လိုက်ပါချင်တဲ့နေရာကို ရွေ့လျားသွားကြတယ်။ အမေ့မျက်ဝန်းတွေထဲမှာ သူ့ရဲ့မျှော်လင့်ချက်ထီးလေးတွေအတွက် စိတ်ချပြီဆိုတဲ့ အရိပ်အယောင်တွေ ပေါ်နေတယ်လေ။ သူ့မျှော်လင့်ချက်ထီးကလေးတွေကတော့ တခါတရံအမေ့ဆီလာပြီး အရိပ်လာလာပေးတတ် ကြပါတယ်။
*** *** *** ***
အခုဆို သူ့အမေရဲ့မျက်နှာမှာ ပြုံးလိုက်ရင်လည်း အားဖြည့်ပေးမယ်.. မျက်ရည်တွေရဲ့ စီးဆင်းရာ လမ်းကြောင်းငယ်လေးတွေရယ်။ ကြယ်တွေကြွေကျလို့ ကျန်ခဲ့တဲ့ အဖြူရောင်အလင်းမျှင်လေးတွေရယ် ပိုင်ဆိုင်စပြုနေပြီ။ သူ့ရဲ့အနားမှာ အမြဲတမ်းရှိနေတာက သူ့ရဲ့ငယ်ပေါင်းကြီးဖော် ဆေးပေါ့လိပ်ကြီးပဲ။
သူအလုပ်က အပြန်နောက်ကျတိုင်း… ခြင်ထောင်ရှေ့မှာ ဆေးပေါ့လိပ်ကြီးဖွာပြီး စောင့်နေတဲ့ အမေ့ကို သူရဲ့လစာမဖြစ်စလောက်လေးပေးပြီး အဖြူရောင်အလင်းမျှင်တွေအနည်းငယ်ကျနေတဲ့ သူ့အမေမုဆိုးမကြီးရဲ့ နဖူးပြင်ကို ခပ်ဖွဖွနမ်းလိုက်တယ်….။ သူ့စိတ်ထဲမှာတော့….
“အမေ့အတွက် မျှော်လင့်ချက်တံတိုင်းကြီးမဖြစ်ရရင်နေပါစေ…. ခြံစည်းရိုးလေးသာဖြစ်ချင်ပါတယ်အမေရယ်….”
(နံပါတ်(၅))
****************
ရင်းနှင့်ရင်း၍ အောင်မိုးသူ

No comments:
Post a Comment