Monday, November 28, 2011

လွတ်လပ်စွာ ပျံသန်းချင်တယ်


“လာပါကွာ…… မိုးကြီးကလည်း…….”
          သူငယ်ချင်းတွေအားလုံးရဲ့ဆော်သြသံက ဆူညံသွားတယ်….။ သာယာတဲ့ညနေခင်းတစ်ခုရဲ့ အပန်းဖြေစရာ ဆိုင်ကြီးတစ်ဆိုင်မှာပေါ့…။ ကျွန်တော့်သူငယ်ချင်းတွေထဲက “စိုးထက်” ဆိုတဲ့ သူငယ်ချင်းတစ်ယောက် သင်္ဘောတက်ရတော့မှာဆိုတော့ (နိုင်ငံခြားအလုပ်သင်္ဘော) ငယ်ငယ်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေ မဟုတ်ပေမယ့်လည်း…. တော်တော်လေးကို ရင်းနှီးချစ်ခင်တဲ့သူငယ်ချင်းတွေဆို တော့ သင်္ဘောတက်ခါနီး သူငယ်ချင်းတွေစုံစုံညီညီနဲ့ အရက်မဟုတ်ပေမယ့် တငွေ့တငွေ့ပေါ်လာတဲ့ အရည်တွေသောက်ရင်း (အရက်တော့မဟုတ်ပေမယ့် အရက်ပါပဲ) အားလုံးက ပျော်ပျော်ပါးပါးနဲ့ ခပ်ထွေထွေ ဖြစ်နေကြပြီလေ….။
          မှောင်ရီပျိုးစအချိန်ကနေ တဖြည်းဖြည်းမှောင်မှောင်ကာကျလာတယ်…. ကျွန်တော်တို့ သူငယ်ချင်း တစ်အုပ်…. အရှိန်ကောင်းတုန်းပါပဲ….။ ကျွန်တော်ဆိုတဲ့ကောင်ကလည်း….အရက်ချည်းပဲ မသောက်ပေမယ့် ဒါကျတော့သောက်တတ်ပါတယ်…။ သူငယ်ချင်းတွေဆိုပေမယ့် လွတ်လွတ်လပ်လပ်သာ ပြောဆိုနေကြတာ… အရမ်းကြီးမလွန်ကဲအောင်… ထိန်းချုပ်နေရပါသေးတယ်….။ ညနေကနေ မိုးချုပ်…. ခြောက်နာရီကနေ ခုနှစ်နာရီ…. ခုနှစ်နာရီကနေ……. ဆယ်နာရီလောက်ကို ရောက်လုပြီ။ ကျွန်တော်တို့ သူငယ်ချင်းတစ်စု (၇)ယောက်…… အားလုံးက သူတို့သွားချင်နေတဲ့နေရာကို ဆွဲခေါ်နေကြတယ်….။

“မိုးကြီးရာ … လာပါကွာ…. စိုးထက်ရဲ့မျက်နှာကြည့်ပြီး လိုက်ခဲ့ကွာ….. မင်းကလည်း တခါတလေ လောက်ပါပဲ…….”
          နောက်ဆုံးတော့လည်း (၆)ယောက် (၁)ယောက်ဆိုတော့ ကျွန်တော်အလျှော့ပေးလိုက်ရပါတော့တယ်။

                             ***********************************************


          သူငယ်ချင်းဖြစ်တဲ့ စိုးထက် ပျော်ရွှင်နေတာကိုကြည့်နေရင်းနဲ့ပဲ ကျွန်တော်ဝမ်းသာရသည်။ တစ်ခါတစ်ရံတော့ သူ့ကို ကျွန်တော်အားကျမိသား…။ မိသားစုနောက်ခံကလည်းကောင်းဆိုတော့… သင်္ဘောတက်ဖို့ဆိုတာ ငွေနဲ့လိုက်ရတာမဟုတ်လား….။ နိုင်ငံခြားထွက်ချင်တဲ့ကျွန်တော်တောင်….. Passport(နိုင်ငံကူးလက်မှတ်)လုပ်ဖို့ စုစုထားတဲ့ငွေလေးတောင် နောက်ကမိသားစု တစ်ခုခုဖြစ်ရင် ပါပါသွားသေးသည်။ နောက်ဆုံးတော့ နိုင်ငံခြားထွက်ဖို့တောင်…. စိတ်လျှော့ထားလိုက်မိတယ်…။ အဆင့်အတန်းတွေ အရမ်းခွဲခြား…. အရမ်းကွဲပြားနေတဲ့ ခေတ်ကာလကြီးမျာ… တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို တောင် ကြိတ်မနိုင်ခဲမရတွေ ဖြစ်နေမိသေးတယ်…..။ ချုပ်တည်းထားရတာတွေ များနေရလို့ဖြစ်မည်။ သူငယ်ချင်းတွေခေါ်လာတဲ့နေရာကိုရောက်ပါပြီး…. ဒီနေရာရှေ့ရောက်မှပဲ…. ရန်ကုန်မြို့ဆိုတာ ညဘက်မှာလည်း အသေအကြေစည်ကားပါလား ဆိုတာကျွန်တော်သိလိုက်ရတယ်…။

******* Club
Men – 6000ks
Girl   - Free

          ဆိုင်းဘုတ်ကိုကျွန်တော်ကြည့်ပြီး ပြုံးမိသည်။ ဒီနေရာမှာတော့ ယောက်ျားလေးတွေ ဈေးရသားလို့…။ စိုးထက်ကတော့ (၇)ယောက်စာ လက်မှတ်ကို တစ်ခါတည်းထုတ်ပေးလိုက်တယ်……။ အလုံပိတ်တံခါး အပြင် ဘက်ကနေ…. မြူးကြွတဲ့သီချင်းသံသဲ့သဲ့ကို ကျွန်တော်စကြားနေရပြီ….။

                             **********************************************

          ဒီနေ့…… ဒီနေ့…… ဒီနေ့……ဟာ ကျွန်မဒီကိုလာတာ ပထမဆုံးနေ့……။ အို…..ကျွန်မ မှားသွားပြီ လား…။ ဟင့်အင်း…ကျွန်မ မမှားပါဘူးနော်…..။ ကျွန်မဒီနေရာကို တစ်ခါမှမရောက်ဖူးပါ။ ကျွန်မနှင့်အတူ ကျွန်မသူငယ်ချင်း(၅)ယောက်လည်းပါလာသည်။ သည့်အတွက် ကျွန်မတို့မိဘများကို လိမ်ညာခဲ့ရသည်ကို ကျွန်မစိတ်မကောင်းပေ….။ အမှန်အတိုင်းဖွင့်ပြောပြန်ရင်လည်း….. ကျွန်မတို့မိဘများအနေနှင့်တော့…..  ခွင့်ပြုမည်မဟုတ်….။ ဒီလိုနေရာမျိုးဆိုသည်မှာ… ဒီလိုလူုတွေသာ လာကြသည်ဟု အများက သတ်မှတ်ထား သည်ကိုး…။ ဘောင်တွေ….စည်းတွေကို မကျော်နိုင်တဲ့ ကျွန်မတို့တွေ ကျွန်မတို့မိဘတွေ……. တစ်ခါတစ်ရံ ပေါက်ကွဲထွက်ချင်နေတဲ့ ကျွန်မတို့စိတ်တွေကို…… လွှင့်ပစ်တို့ ကျွန်မတို့သူငယ်ချစ်တစ်စု ရူးရူးမိုက်မိုက် လိမ်ညာခဲ့ကြသည်။ ကျွန်မတို့ တစ်ယောက်ချင်းစီရဲ့ အိမ်ကလူကြီးတွေကို….. (၆)ယောက်ထဲက တစ်ယောက် အိမ်မှာအိပ်ပြီးစာကျက်မယ်လို့ ပြောခဲ့ကြတယ်လေ..။ ကဲ….မပိုင်ဘူးလား….။ လူရိုသေ…ရှင်ရိုသေဖြစ်အောင်တော့ ကျွန်မတို့အုပ်စုထဲက တော်တော်လေးရင်းနှီးတဲ့ ယောက်ျားလေး သူငယ်ချင်းနှစ်ယောက်ကိုတော့…. ကျွန်မတို့ခေါ်လာခဲ့တယ်လေ…..။

“အိဖူး….. ဘာတွေတွေးနေတာလဲ…. ပျော်ပျော်နေပါဟာ… ငါတို့ကမကောင်းတာလုပ်တာမှ မဟုတ်တာ… တခါတလေလာတာပဲ…”

“ဟဲ့….. ဟိုနှစ်ကောင်တော့ ကနေပြီ….. ငါတို့ကချင်ရင်….. သူတို့နားမှာပဲကလို့ပြောတယ်….”

“အင်း”

          …..မြို့ပြလို့ပြောလည်းပဲ****အမှန်တကယ်တမ်းတော့**** တောနက်ကြီးတစ်ခုလိုပါပဲ**** ငါကိုယ်တိုင်မသေချာတယ်*****ဘယ်လိုများလဲ*****မုဆိုးဖြစ်လိုက်*****သားကောင်ဖြစ်လိုက်***ရေ***ရေးးးးးးးး****

          သီချင်းသံကြားကြားချင်း ကတဲ့နေရာ (Dacing Floor) ပြေးထွက်သွားလိုက်တဲ့လူတွေ…. ရော့ခ် သီချင်းကိုခပ်မြူးမြူးဖြစ်အောင် ဒီဂျေနဲ့ရောစပ်ထားတာကိုး…….။

                   ********************************************************

          Club ဆိုတဲ့အရာနဲ့ စိမ်းနေတော့လည်း… ကျွန်တော်ခပ်စိမ်းစိမ်းတော့ဖြစ်နေတယ်….။ ခုဖွင့်ထားတဲ့ သီချင်းကလည်း အရမ်းကိုရေးပန်းစားတဲ့သီချင်းကိုး….။ ကတဲ့နေရာမှာ ကနေတဲ့ကောင်မလေးတွေ…. ကောင်လေးတွေ…. ပါးစပ်ကနေ အော်ဟစ်ပေါက်ကွဲကာ ကနေကြလိုက်တာ… ကျွန်တောင်စည်းချက်နဲ့ မျောသွားတယ်….။ သေချာကြည့်တော့ သီချင်းအတိုင်းပဲ…. ကျွန်တော်ကိုယ်တိုင်တောင် သားကောင်ဖြစ်ရင် ဖြစ်သွားနိုင်တယ်လေ…… လှပတဲ့ကဟန်တွေနဲ့ မလုံ့တလုံဝတ်ထားတဲ့….. အလှအပတွေပေါ်မှာ……။ ဒီနေရာမှာ သားကောင်မဖြစ်ဖို့အရေးကြီးနေတယ်……။ ကျွန်တော်လည်း သူတို့နဲ့အတူ ပေါက်ကွဲထွက်ဖို့ ကတဲ့နေရာကို…. အပြေးဆင်းသွားလိုက်သည်….။

                             ***************************************

“အိဖူး…. သွားကြရအောင်ဟာ… ခဏလောက်ပေါ့……”

          ကျွန်မလည်း စုစုခေါ်ရာနောက် လိုက်သွားမိသည်….။ အို…….တတ်လည်းတတ်နိုင်တဲ့ လူတွေပဲ.. ချမ်းချမ်းရဲ့ တကယ်ဆိုရင်….အချစ်ပဲလိုတယ်… ဆိုတဲ့အဆွေးသီချင်းကိုတောင်… ဒီဂျေနဲ့ ရောထားလိုက်တာ လိုက်လည်းဆို….ကလည်းက… ကျွန်မလည်း သီချင်းထဲစီးမျောသွားတယ်…။ အဲသည်အချိန်ခဏ ခဏ…လေး ကျွန်မစိတ်တွေလွင့်သွားတယ်…..။ ကနေရင်းနဲ့ပဲ…. ကျွန်မနားလူတစ်ယောက်ကပ်လာတယ်….. ဒီလိုနေရာမှာ ဘယ်လိုဆက်ဆံရမလဲဆိုတာ ကျွန်မနားလည်ပါတယ်… သူ့ကို ကျွန်မ ပြုံးရုံသာ ပြုံးပြလိုက်တယ်….။ ကျွန်မ ဒီကိုလာတယ်ဆိုပေမယ့် ကျွန်မ၀တ်လာတဲ့အ၀တ်အစားတွေက လုံလုံခြုံခြုံပဲ……။ အို…….. အဲသည်လူရဲ့ အကြည့်…. အဲသည်အကြည့် ကျွန်မသိနေတယ်….။ ကျွန်မ….၀မ်းမနည်းဘူး… ကျွန်မပျော်ပါတယ်…. ဒါပေမယ့် ဒီလိုစည်းထဲဘောင်ထဲက မထွက်နိုင်တဲ့ စိတ်ဓာတ်ကိုကျွန်မမုန်းတယ်….။ ခဏပဲ… စုစုလက်ကိုဆွဲပြီး ကျွန်မ စားပွဲခုံရှိရာဆီ ထွက်လာခဲ့လိုက်တယ်….။

                             **************************************

          ခုန်နေတဲ့သူတွေကို ထပ်ခုန်အောင်လို့ “အမဲလိုက်အက….” ဆိုတဲ့သီချင်းက တစ်ကျော့ပြန်ထပ် လာနေပြန်ပြီ။ ကျွန်ကလို့ကောင်းနေတုန်း….. ဟိုကောင်တွေကတော့ သူ့အတွဲနဲ့သူဟုတ်နေတာပဲ…. ကျွန်တော့်အတွက် ဒီလိုနေရာဆိုတာ အတွဲရှာဖို့မဟုတ်ဘူး မဟုတ်တာလုပ်ဖို့မဟုတ်ဘူး တခါတရံ ရှုပ်ထွေး နေတဲ့စိတ်တွေကို ထွက်ပေါက်ပေးဖို့တစ်ခုပဲလေ….။ ကျွန်တော်ကနေရင်းနဲ့ပဲ ကျွန်တော့်ဘေးနားကို ခပ်လန်းလန်းကောင်မလေးတစ်ယောက်… အနားကပ်လာတယ်….။ အို….. သူမကျွန်တော့်ထက် အများကြီးငယ်ပါတယ်…..။ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ ကနေလိုက်တာ…. စည်းချက်ကျကျနဲ့ သူမရဲ့ ကကွက်က အချိုးကျကျလှပနေတော့တယ်….။ ဒီလိုနဲ့….. ကျွန်တော့ကို ကရအောင်တဲ့….. သူမ ကျွန်တော့်ဆီက တစ်ခုခုမျှော်လင့်နေသလားပဲ…….။ သီချင်းထဲကလိုများ ကျွန်တော်သားကောင်ဖြစ်နေပြီ လား….။ သူမအတွက် မထိခိုက်စေရအောင်…. ကျွန်တော်တစ်ခုလှုပ်ရှားလိုက်တယ်…..။ ကျွန်တော့်ဟန်းဖုန်း လေးကို ထုတ်လိုက်တယ်….။ ဟန်းဖန်းမျက်နှာပြင်ပေါ်မှာ ကျွန်တော်ချစ်ရတဲ့ ကျွန်တော့်တူမလေးပုံ….

“ဒါ ….. ကျွန်တော့်သမီးလေးလေ….”

          ရုတ်တရက်ပြောလိုက်တဲ့ ကျွန်တော့်ရဲ့စကားကြောင့် ကြောင်အမ်းအမ်း…. သူမ ကျွန်တော့်ရဲ့ဟန်းဖုန်း မျက်နှာပြင်ကို…. သူမကြည့်လိုက်တယ်…။ ကျွန်တော်နောက်ထပ်ဘာမှမပြောတော့ပါဘူး…… ဆက်ကနေလိုက်တယ်…..။

                             ****************************************

          ကျွန်မတို့ သူငယ်ချင်းအုပ်စု အပြင်ရောက်တော့….. တခြားကမ္ဘာတစ်ခုရောက်သွားသလိုပါပဲ…။ အပြင်မှာတော့ တိတ်ဆိတ်လို့….။ နံနက်ခင်းအလင်းရောင်က ငွေ့ငွေ့လေးသန်းနေပြီ…. ကျွန်မတော့ အတွေးတွေနဲ့ ပြည့်နေဆဲပဲ…..။ ကျွန်မတို့လျှောက်လာတဲ့ လမ်းမထက်က ခိုတစ်အုပ် ၀ုန်းကနဲ ပျံသန်းသွားကြ တယ်…..။ သူတို့လိုပဲ… ကျွန်မ လွတ်လွတ်လပ်လပ် ပျံသန်းချင်လိုက်တာ……….။

                             ******************************************

          ဘော်ဒါတွေ တည်းခိုခန်းလာလို့သာ လာတည်းရတယ်…။ ကျွန်တော်ကတော့ တစ်ယောက်တည်း အိပ်လို့လည်းသိပ်မပျော်ဘူး….။ နံနက်ခင်းအလင်း ငွေ့ငွေ့သန်းနေတဲ့ ကောင်းကိုကြည့်နေမိသည်……။ ပြတင်းပေါက်ကတဆင့် မြင်နေရတဲ့ငှက်လေးတစ်အုပ် ဘယ်ကိုပျံသန်းသွားတယ် ကျွန်တော်မသိဘူး….။ လွတ်လွတ်လပ်လပ်ပဲ… ကျွန်တော်လည်းသူတို့လို့………………………..။
                             *********************************************

စူးရှ
တနင်္လာ ၊ ၂၈.၁၁.၂၀၁၁
၆နာရီ ၄၂မိနစ်

1 comment:

  1. အားပေးသွားပါတယ်.. ကိုအောင်မိုးသူရေ

    ReplyDelete