Thursday, July 19, 2012

ဒီလိုနဲ့ ကျုပ်တို့ ကဗျာတွေလည်း သေ( ရှည် ) သွားပြီ


လက်ဖ၀ါးက တစ်ဆစ်ဆစ်နဲ့ကိုက်နေတဲ့ အနာကြောင့် ငါ့လက်ကို ငါမေ့ထားတာ မဟုတ်ဘူး
ငါ့လက်က ငါ့ကိုအမြဲ နှိပ်စက်နေတယ် အခြေခံလူတန်းစားတွေရဲ့လက်ဟာ ပွန်းပဲ့နေတဲ့သမိုင်းနဲ့
စိတ်။ ခန္ဓာကိုယ်ဟာ ပိရွဲ့စောင်းလာတယ်။ လက်ဖ၀ါးတွေမှာ ကံလမ်းကြောင်းပျောက်ဆုံးနေ
တစ်သံသရာလုံးအတွက် မိုးမလုံတဲ့ ထီးရိုးနဲ့ တ၀ုန်းဝုန်းတောက်နေပြီ ဒါက ဘယ်သူ့လက်လဲ
ဒါက ဘယ်သူ့လက်လဲ။ ဒါက … ငါ့လက်မဟုတ်ဘူး။ ငါ့လက်ကို ငါကြောက်နေတယ်…. မောင်ရေချမ်း
ဒီမယ်….ရင်နင့်အောင်
ခင်ဗျား လက်ဖ၀ါးအရေးအကြောင်းတွေကလည်း ကျုပ်တို့၊ခင်ဗျားတို့၊(အားလုံးတို့ရဲ့)ဖြစ်တည်မှုကို
တစ်ရွေးသားမှကုစားပေးနိုင်မှာမဟုတ်ဘူး…..အချိန်ဆိုတာလည်း သမားတော်မဟုတ်ဘူး
တမြေ့မြေ့နာကျင်အက်ရှရတဲ့စိတ်တွေ စိတ်တွေမှာ အတိတ်ဆိုတာ ကြမ်းရှခါးသက်လို့
ကျုပ်တို့ဟာ ဖဲလိမ်ရိုက်ခံနေရတာ
ကစားပွဲတစ်ပွဲလုံးဆွဲမှောက်ပစ်ရင်တောင် အရှုံးကြီးရှုံးပြီးသား
အကြီးကြီးကြေကွဲလို့….ကံကိုသာအပြစ်ပုံချရတော့မလား ခင်ဗျားပြောစမ်း                  
ဒါပေမယ့်ခင်ဗျားယုံထား ( ကျုပ်လည်း ယုံထားတယ် )
ယုံကြည်မှုဆိုတာ ဘယ်တော့မှ မခါးတဲ့အကြောင်း
ခေါင်းလောင်းသံတိတ်နေတဲ့စာသင်ကျောင်းအိုလေးကို မေးကြည့်
စစ်ကိုမုန်းတဲ့အကြောင်း ၊ အာဏာရှင်ကိုဖီဆန်ချင်တဲ့အကြောင်း ခင်ဗျားကိုအားရပါးရပြောပြနေဦးမှာ..
ခင်ဗျားပြောသလိုပဲ အခြေခံလူတန်းစားတွေရဲ့ပွန်းပဲ့တဲ့သမိုင်းတွေက( ဖြစ်တည်မှုရွဲ့စောင်းစောင်းတွေက)
ကျုပ်တို့ကို မျက်ရည်တောက်တောက်ကျအောင် သွေးစီးကြောင်းတွေနဲ့ငိုပြလိမ့်မယ်…



 အို……….မောင်ရေချမ်းနဲ့ ရင်နင့်အောင်………….
ကျုပ်သိပ်နားမလည်သေးဘူးဗျ (ခုထက်ထိကို နားမလည်သေးဘူး)
ခင်ဗျားတို့ပြောနေတဲ့စကားတွေရော(ကဗျာတွေရော)…
အထက်ကပြောနေတဲ့စကားတွေရော(မုသားတွေရော)
မုသားမပါလင်္ကာမချောဆိုတာတော့ ဟုတ်ပါတယ်ဗျာ
ဒါပေမယ့် ဒီကဗျာက လင်္ကာမပါဘဲ မုသားတွေချည်းဖြစ်နေတယ်။
ခင်ဗျားတို့ဘာလုပ်ကြမလဲ ကျုပ်လည်းဘာလုပ်ရမလဲမသိဘူး…
ဒီခေတ် ဒီကာလ ဒီဘ၀မှာ ကျုပ်တို့တွေဘာလုပ်ရမလဲ(ဘာလုပ်ရမှာလဲ)
မျှော်လင့်ချက်မဲ့နေတဲ့ အဖြူရောင်မျက်လုံးတွေရယ် ၊ ဖြူဖျော့ဖျော့နှုတ်ခမ်းလေးတွေရယ်..
ကျုပ်တို့ရဲ့အားနည်းတဲ့လက်တွေထဲက အနည်းငယ်တော့စွန့်စားခဲ့ဖူးတယ်
ဆင့်ပါးစပ် နမ်းပက်သလိုပဲဗျာ…ကဲ…..ကျုပ်ဘာလုပ်ရမလဲ..ခင်ဗျားတို့ဖြေပေးဦး
အနာဂတ်…အနာဂတ်…ခင်ဗျားတို့ကျုပ်တို့ရေးတဲ့(မျှော်လင့်တဲ့)အနာဂတ်တွေ
အို……………..ကျုပ်တို့တွေ ဒီခေတ်…ဒီကာလကြီးကိုရုန်းကန်နေတုန်းဆဲ
ရုန်းတယ်.....ရုန်းတယ်…..ရုန်းနေတယ်ဗျာ…. ကျုပ်ရုန်းနေတုန်းပဲ
မိုးပေါ်က မိုးတွေကတော့ သည်းတုန်း မည်းတုန်းပဲ
ဒါတွေကို ကျုပ်တို့တားပိုင်ခွင့်မရှိခဲ့ဘူး။


ဝေး………….ရင်နင့်အောင်၊ မောင်ရေချမ်း နဲ့ အောင်မိုးသူ
မေတ္တာတရားတည်ခင်းစားသောက်နေတဲ့စားပွဲဝိုင်း
ဒီနေရာမှာ ကြောင်နဲ့ကြွက်လည်း မိတ်ဆွေဖြစ်စေမယ်
အဆိပ်ခွက်လည်း ၀ိုင်ချိုဖြစ်စေမယ် ( ဒါကို ခင်ဗျားတို့ ယုံထား )
ချိတ်ဆွဲထားတဲ့တွဲဆက်များအဖို့ မနက်ဖြန်အားလုံးကို ရထားကခုတ်မောင်းနေမှာပဲ
ခုထက်ထိတော့ အလံပြမတားသေးဘူး။ အားလုံးဟာ ကိုယ့်စည်းနဲ့ကိုယ်လက်မထောင်ထားတယ်
ကျုပ်ပြောဖူးပါတယ်။ ခင်ဗျားတို့…. လက်ဖ၀ါးမှာ လက္ခဏာတွေပွန်းပဲ့ခဲ့တာ ကြာပြီ
မုန့်လုံးကို စက္ကူကပ်တဲ့အထိ ငါတို့ရှင်သန်ပြီး သူ့အမေရိုက်ခဲ့ကြပြီ
ဒီလောက်နဲ့တင် ရှင်သန်မှုဟာ ပင်လယ်တွေက မြစ်ကို မစောင့်ကြသလိုမျိုး
သံသရာကို မီးညှိပြီး ဘ၀တစ်ဆုံး ရှူရှိုက်လိုက်တယ် ငါ့လက်ဖ၀ါးတွေ မူးနောက်သွား … လို့။
ဗရာဟီလာလည်း သေခဲ့ပြီပဲ ၊ မူဆိုလီနီလည်း သေခဲ့ပြီးပြီ
ဟိုလူကြီးနဲ့ ဘာလိုလို ညာလိုလို သေတော့မှာ ၊၊
ခေါင်းပေါင်းစ တထောင်ထောင်၊မျက်မှန်တ၀င်းဝင်းနဲ့ လူကြီးလည်း သေဦးမှာ
ဒါနဲ့တောင် သူတို့ဖန်တီးခဲ့မယ့်ကမ္ဘာမြေကို ပန်းတွေမဝေစေခဲ့တာ စဉ်းစားရင်း…
ရင်နင့်အောင်ရေ…..ရင်နင့်အောင်ကြေကွဲရင်းပဲ
ကျုပ်လက်ဖ၀ါးမှာလည်း ညိုညစ်ညစ်ရနံ့တွေနဲ့မူးနောက်သွား ခဲ့…….။       ။  

                                                 ရင်နင့်အောင်၊မောင်ရေချမ်း၊အောင်မိုးသူ၊စေပိုင်ထွဋ်(ပုသိမ်)

No comments:

Post a Comment