"(၄)ထိပ်စီးတဲ့ဟေ့ ........... "
ထိပ်စီးပေးတဲ့သူ အိမ်ပေါက်ဝမှထွက်လာသည်နှင့် မမြတင် အိတ်ထဲက စာရွက်ကို ကပျာကယာ ထုတ်ကြည့်လိုက်မိသည်...။
"ဟူး.....တော်ပါသေးရဲ့"
မမြတင် သက်ပြင်းချမိသည်......... သူထိုးထားသော စာရွက်ထဲတွင် (၄)နှင့်ပတ်သက်သော ဂဏန်းများ တော်တော်များများ ပါထားသည်ကိုတွေ့ရသည်...။ နောက်ပိတ်ပဲ ကျန်တော့သည်... နောက်ပိတ်သေချာရင်တော့... မြတင်တို့ နောက်နေ့စာ ဖူလုံပြီ။ လမ်းထဲတွင် သက်တူရွယ်တူ အိမ်နီးနားချင်း မိန်းမများ ပြောနေသော စကားသံများသည် ပွက်ပွက်ညံနေလေသည်...။
"သွားပါပြီဟယ်... ငါညံ့တာပါ.... မနေ့ညက အိပ်မက်ထဲမှာ.. ဟိုကာလနာကို မက်တယ်လေ သူက ဗုဒ္ဓဟူးသားဆိုတော့ (၄)ပေါ့... (၄)ပတ်လိုက်ရင်ကောင်းသား... ခုတော့...."
မမြတင်၏ ဘေးအိမ်မှ မနွယ်မှ ပြောနေလေသည်...။
“သည်မှာလေ ဘမူးလဲက (၄)တစ်လုံးကို အပီအပြင်ပေးထားတာ...“
နောက်တစ်ယောက်မှ ဘမူးလဲ ဆိုသည့်လူ ရေးသော အတိတ်စာရွက်ကိုထုတ်ပြသည်....။ ပြောမယ့်သာ ပြောရသည် မမြတင် လက်ထဲတွင်လည်း အတိတ်စာရွက်ပေါင်းစုံရှိသည်..။ အခြားလူများလို မိုက်မိုက်ကန်းကန်းတော့ မထိုးဘဲ.... အနည်းငယ်ထိုးသည့်အတွက် ကံကောင်းရင်လည်း မမြတင်တို့ အိမ်စားရိတ်ဖူလုံလေသည်..။ အခုတလော ကံလေးက ကောင်းနေသည်နှင့်... နေ့တိုင်းလိုလို ငါးဆယ် တစ်ရာဖိုးပေါက်နေတော့လည်း အဆင်ပြေနေသည်...။ အိမ်မှ အိမ်ဦးနတ်ကြီးကတော့ သည်အချိန်ဆို မူးပြီးအိပ်ကောင်းတုန်းဖြစ်မည်.... သမီးအလုပ်မှ ပြန်မလာမီ မီးပူတိုက်ပေးစရာရှိသော အိမ်သို့ မမြတင် လမ်းလျှောက်ထွက်ခဲ့လေသည်။
**************************************************
လမ်းလျှောက်ရင်း မမြတင်တွေးမိတွေးရာ... တွေးနေမိသည်။ လွန်ခဲ့သောငါးနှစ်က ကိုတင်အောင်သည်လည်းအလုပ်ကောင်းလေသည်။ ကိုတင်အောင်သည် ပန်းပုထုရာတွင် အလွန်နာမည်ကြီးသော သူတစ်ယောက်ဖြစ်သည်။ မမြတင်တို့တွင်လည်း အိမ်ပိုင်လေးတစ်လုံးရှိသည်....။ ဘ၀သည် တဖြောင့်တည်းမသွားဆိုသည့်စကားကို မမြတင်ကိုယ်တိုင်ကြုံမှပဲ သိလိုက်ရတော့သည်။
တစ်ရက်တွင် ကိုတင်အောင် ပန်းပုများအား မြ၀တီမြို့ဘက်သို့ ပို့ရန်ရှိသဖြင့်... လူကိုယ်တိုင်သွားပို့လေသည်။ ထိုနေ့မှစရ်ျ ကိုတင်အောင်သည် မမြတင်တို့သားအမိအား ထားခဲ့မှန်း မမြတင်မသိခဲ့ပါချေ။ တစ်လနေလည်း ပြန်မလာ.. နှစ်လနေလည်း ပြန်မလာ... တစ်နှစ်တင်းတင်းပင်ပြည့်ရ်ျ ကျော်လာခဲ့လေသည်...။ စုဆောင်းထားသမျှ ငွေတွေလည်း တဖြည်းဖြည်းလျော့နည်းလာသည်။ နောက်ဆုံး အိမ်လေးအားရောင်းပြီး.. ငွေစုဘဏ်တွင် ထည့်ထားရ်ျ အတိုးလေးနှင့် သားအမိနှစ်ယောက် အားတင်းကာ ကိုတင်အောင်ကို စောင့်မျှော်နေခဲ့သည်...။ အကုသိုလ်သည် လာလျှင် အဖော်နှင့်အပေါင်းအပါများပါ ခေါ်လာသည်လား မမြတင်မသိ...မမြတင် စုထားသော ဘဏ်သည်ဒေ၀ါလီခံလိုက်ရပြီး... ပိုက်ဆံများ ဆုံးကုန်တော့သည်...။
သမီးလေးသည်လည်း ဘွဲတစ်ခုနှင့် အလုပ်လေးတစ်ခုရသဖြင့် အသက်ရှူချောင်ရသည်... ကိုတင်အောင်ထွက်သွားသည့် လေးနှစ်ပြည့်သောနေ့တွင် မမြတင်၏ အိမ်ဦးနတ်အရှင်သခင်ကြီးသည် မမြတင်တို့သားအမိငှားနေသော နေအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ သည်လိုနှင့် ပန်းပုသမားကိုတင်အောင်မှ အရက်သမားကိုတင်အောင်ဖြစ်လာသည်....။
ခင်ပွန်းအလုပ်မရှိသောအခါတွင် သမီးအလုပ်လစာနှင့် မမြတင်သည် ပိုက်ဆံရှိသောအိမ်များတွင် မီးပူလိုက်တိုက်လေသည်...။ အားကိုးစရာမရှိသောအခါ ကောက်ရိုးတစ်မျှင်ပင်လျှင် မမြတင်အားကိုးရာတစ်ခုကို ဆွဲမိဆွဲရာ ဆွဲမိသည်...။ ကိုတင်အောင် ထွက်သွားပြီး (2)နှစ်ကျော်ကျော်ကတည်းက ရလိုးရငြား (2)လုံးဆိုသော တရားမ၀င်ထီကို မမြတင် ထိုးမိသည်..။ အများကြီးမဟုတ်ပေမယ့် (50)(100)ဖိုးလောက်ဖြစ်သည်။ အဆင်ပြေသောနေ့တွင် တစ်ရက်တာ ထမင်းစားဖို့အပြင် အနည်းငယ် ပိုလျှံခဲ့သည်...။ အဆင်မပြေနေ့တွင်... ကိုယ့်ဘက်ပေးရတာတွေလည်းရှိသည်..။ မမြတင်တို့လမ်းထဲတွင် မမြတင်လို့ မိန်းမသားတော်တော်များများသည်လည်း နံနက်မိုးလင်းသည်နှင့်..
"သည်နေ့ ဘာတစ်လုံး.....လဲ... ဟိုအတိက ဘာတုန်း..."
စကားများသည် နေ့တိုင်းလိုလိုကြားနေရသောစကားများဖြစ်သည်။ မကြားရသောနေ့သည် စနေ၊တနင်္ဂနွေသာရှိလေသည်..။
"ဟင်းးးးးးးး..."
မမြတင်သက်ပြင်းအရှည်ကြီးတစ်ခုချမိလေသည်....။ ဘယ်ကနေဘယ်လိုမှန်းမသိ တွေးရင်းတွေးရင်း မျက်ဝန်းထောင့်မှ မျက်ရည်အချို့ကျလာသည်။
*************************************
မကောင်းမှန်းသိရက်နှင့် ဇွတ်ရှေ့တိုးသော ကိစ္စရပ်များ၏နောက်ကွယ်တွင် လောဘလည်း ထိုကိစ္စနှင့်အတူ ပါလာတတ်လေသည်။ တိုက်ကြီးကားကြီးတွေနှင့် ကိုယ်ရှေ့တွင်ဖြစ်လာရ်ျ... "၀ုန်းကနဲ" အိမ်ငှားဘ၀ရောက်သွားအောင် ထို ဂဏန်းနှစ်လုံးက စွမ်းဆောင်နိုင်လေသည်။ လောဘသည်လည်း ဘ၀တစ်ခုကို ဖျက်ဆီးတတ်ကြပါသည်။ မမြတင်တို့လိုဘ၀တွင် လောဘနောက်မလိုက်မိဖို့ အမြဲတမ်း မမြတင်ဆင်ခြင်သည် ပညာမတတ်ထားပေမယ့် ဘ၀ပေးတဲ့အသိတော့ မမြတင်တွင်ရှိသည်။ မကောင်းမှန်းသိရက်နှင့်လည်း ကိုယ်ထိုးလိုက်သော ပိုက်ဆံ၏ အဆ(80)ကိုရတော့လည်း ၀မ်းတထွာအတွက်နှင့် မမြတင် ထိုကောက်ရိုးမျှင်ကို အားကိုးမိသည်။
မီးပူတိုက်ရ်ျရသော ပိုက်ဆံလေးနှင့် ညစာအတွက် ဟင်းစားသွားဝယ်ရမည်။ သည်နေ့ပိတ်ရက်ဆိုတော့လည်း အသံများမကြားရသဖြင့် ပျင်းစရာပင်ဖြစ်သည်။ အိမ်မှ အိမ်မူးနတ်ကြီးအတွက်လည်း သောက်နေကျ ပုလင်းပြားတပြား ၀ယ်သွားပေးရမည်။ သမီးပြန်လာချိန်တောင် ရောက်တော့မည် မမြတင် အိမ်သို့ခပ်သုတ်သုတ်ပြန်ခဲ့လေသည်....။
သမီးနှင့်မမြတင် ထမင်းတူတူစားချိန်တွင် အိမ်မူးနတ်ကြီးကတော့ မူးပြီးအိပ်နေပြီဖြစ်သည်။ မတိုက်ရင်လည်း ပြသနာရှာမည် ဆေးခန်းသွားတော့လည်း အသည်းက မကောင်းတော့ဘူးလို့ပြောသည်။ ဒါပေမယ့် သောက်မြဲသောက်ဆဲ အရက်က သူ့ကိုနိုင်သွားပြီဟု မမြတင်ထင်သည်။
"အမေ.... နှစ်လုံးတွေ သိပ်မထိုးနဲ့နော်.... "
သမီးကသတိပေးရှာသည်...။
"အမေတို့ထိုးတယ်ဆိုတာ အဆင်ပြေရုံပါသမီးရယ်... 50-100 ဖိုးပါ တစ်ပတ်သုံးရက်လောက်ပေါက်တော့လည်း ဆင်ပြေတာပေါ့..."
"သမီး အပြစ်မပြောပါဘူးအမေရယ် ကံကောင်းတဲ့အချိန်မှာ ဟုတ်ပေမယ့် ကံမကောင်းတဲ့အချိန်မှာ အမေပိုအကြပ်အတည်းဖြစ်သွားလိမ့်မယ် ပိုဆိုးရင်ထောင်ထဲပါရောက်သွားမှာနော်..."
သမီးပြောမှ မမြတင်သတိရသည် လွန်ခဲ့သောတစ်ပတ်လောက်က မမြတင်တို့ တစ်ဖက်လမ်းက မိန်းမတစ်ယောက် နှစ်လုံးသွားထိုးရင် မိသွားသဖြင့် (2)နှစ်ကျသွားသည်။ အကြီးအကျယ်လုပ်ကိုင်နေသော သူများမမိဘဲ အခြေခံလူတန်းစားတွေမိသွားတော့လည်း မမြတင်ရင်ထဲမကောင်းပေ။ အတတ်နိုင်ဆုံးတော့ မမြတင် သတိထားပါသည်..။
အိမ်မူးနတ်ကြီးလည်း အိပ်ပျော်နေပြီ။ သမီးလည်း အလုပ်ပင်ပန်းသဖြင့် ခေါင်းချတာနှင့် အိပ်ပျော်သွားသည် ထင်သည်။ မမြတင်တော့ အိပ်မပျော်သေး... နောက်နေ့ဆို တနင်္လာနေ့ ရောက်တော့မည်။ မမြတင် ခေါင်းထဲတွင် ဂဏန်းများ အစီအရီပေါ်နေလေသည်။ မမြတင်ဆွဲထားသော ကောက်ရိုးမျှင်လေသည် ခုထိတော့ ခိုင်မြဲနေဆဲ မဆွဲသင့်သော မခိုင်ခန့်သော ကောက်ရိုးမျှင်မှန်းသိရဲ့သားနှင့်ပင် ဆွဲမိထားသေးသည်။ ဘယ်နေ့ပျက်စီးသွားမလည်း မမြတင်မသိချေ။ ယခုထက်ထိတော့ ထိုကောက်ရိုးမျှင်အား မမြတင် ဆွဲထားရဦးမည်ဖြစ်သည်............။
No comments:
Post a Comment