Saturday, October 22, 2011

‘စိမ်း’..... ရဲ့... ‘အစိမ်းရောင်’


  ပိတ်လှောင်မွန်းကြပ် ကျွန်တော့်ရဲ့ တိုက်ခန်းပြတင်းဝမှာ စိုက်ထားတဲ့ အပင်လေးတွေကို ငေးကြည့်ရင်း .... ကျွန်တော်သူမကို သတိရမိသည်။ ယခုအချိန်တွင် သူမ ဘာတွေလုပ်နေမည်လဲ.....။ ကျွန်တော့်နဘေးတွင် သူမကိုယ်စား ဖြေသိမ့်ရန် သစ်ပင်ငယ်ကလေးများ အနည်းငယ်သာရှိ၏။ ပိတ်လှောင်သော တိုက်ခန်းငယ်လေးထဲတွင် ကျွန်တော်အပန်းဖြေစရာ သူတို့သာရှိနေသည်..။

          “နှင်းဆီပန်းလေးတွေက ဆူးသာရှိတာ ကိုရဲရဲ့ သူတို့မှာ အကျိုးအာနိသင်တွေ အများကြီးရှိတယ်။ နှင်းဆီပန်းလေးတွေရဲ့ ပွင့်ဖတ်လေးတွေကို ရေစိမ်ပြီးချိုးရင် အသားအရေလှတယ်။ ပွင့်ဖတ်ခြောက်လေးတွေကို အခြောက်လှန်းပြီး... လက်ဖက်ခြောက်အနေနဲ့လည်း အသုံးပြုလို့ရတယ်လေ...”

          သစ်ပင်..ပန်းပင်အကြောင်းနှင့်ပတ်သက်လျှင် ထမင်းမေ့ ဟင်းမေ့ဖြစ်တတ်သော သူမသည်... တခါတရံ ကျွန်တော့်ကိုပါမေ့နေတတ်၏။ ‘အသွင်တူတော့ အိမ်သူဖြစ်’ ဆိုသောစကားတွင် ကျွန်တော်နှင့်သူမတွင် များစွာခြားနားလျှက်ရှိသည်...

                   ***                        ***                        ***                        ***


          သူမနှင့် အမှတ်မထင်တွေ့ဆုံခဲ့သောနေ့သည် ကျွန်တော်တို့တက်နေသောကျောင်းမှ သစ်ပင်စုပေါင်း စိုက်ပျိုးပွဲတစ်တစ်ခုမှာ ဖြစ်သည်။ အပင်များစိုက်ပျိုးရန် ပျိုးထုပ်တစ်ယောက်တစ်ထုတ်စီရရ်ျ ကျွန်တော့်ပျိုးထုပ်အား စိုက်ဖို့ပြင်နေစဉ်.......

“ဟေ့....အဲလိုမထည့်ရဘူးလေ ပျိုးထုပ်ထည့်တဲ့နေရာမှာ ထုပ်ထားတဲ့ ပလတ်စတစ်လေးကို ဓားနဲ့ခွဲပြီး ချွတ်ပြီးမှ ထည့်ရတယ်... ဒါမှအမြစ်တွေထွက်နိုင်ပြီး အပင်က ရှင်နိုင်မှာ”

          အသားရောင် ညိုညက်ညက်ဖြင့် မြန်မာမိန်းကလေးတစ်ယောက်ပုံစံ ပီပြင်သော သူမကို သူငယ်ချင်းတစ်ယောက် အကူအညီဖြင့် ရင်းနှီးခွင့်ရခဲ့သည်။ သူမ သူငယ်ချင်းဖြစ်သူ၏ ပြောစကားအရ “သူမကိုတွေ့ချင်ရင် သစ်ပင်အောက်သာသွားရှာ” ဟုဆိုသည့်အတိုင်း...သူမကိုတွေ့တိုင်း သစ်ပင်တစ်ပင်ပင်၏ အောက်တွင်သာရှိသည်ကို ကျွန်တော်တွေ့ရသည်။

                   ***                        ***                        ***                        ***

          ‘E’မေဂျာတက်နေသော သူမသည် သစ်ပင်တွေအပေါ် အလွန်သံယောဇဉ်ကြီးမှန်း ကျွန်တော်သိခွင့်ရခဲ့သည်နှင့်အမျှ သူမနှင့်လည်း တဖြည်းဖြည်းနီးစပ်ခွင့်ရခဲ့သည်...။

“သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်း နားနိုင်တယ်တဲ့.. ကိုရဲရဲ့... တကယ်တော့ ငှက်တစ်သောင်းမကဘူး ငါတို့အတွက်ပါ သူတို့က အကျိုးပြုနေတာပဲလေ....”

          သူမနေသော အိမ်လေးသည် ပေနှစ်ဆယ်ခြံဝန်းလေးနှင့် အပင်များဖြင့် စိမ်းလန်းကာ ပြည့်နှက်နေသည်။ သူမဆီသို့သွားတိုင်း သူမနှင့် သူမ၏အပင်များမြင်တိုင်း ကျွန်တော်အမောပြေခဲ့ရသည်။ ယခင်က သစ်ပင်တွေမချစ်တတ်သော ကျွန်တော်သည် သူမနှင့်တွေ့သောအခါ သစ်ပင်တွေကိုချစ်တတ်လာသည်။

          “တခါတလေ လူတွေက ငါ့ကို အပင်ရူးရူးတယ်လို့ ပြောကြတယ်....ငါလိုလူမျိုးတွေများလာရင်တော့ ကမ္ဘာကြီးအတွက်လည်း တစ်ခုခုတော့ အထော်ကအကူပြုမှာပါဟာ.....”

          တခါတရံ သူမ၏စကားများသည် အလွန်ကြီးကျယ်ခမ်းနားနေကြောင်း ကျွန်တော်တွေ့ရသည်။

                   ***                        ***                        ***                        ***

          သူမနှင့်ပတ်သက်သော ကိစ္စရပ်များတွင် အမှတ်တရနေ့ရက်များစွာလည်းရှိခဲ့သည်။ ထိုနေ့သည် အလွန်ကြံ့ခိုင်သောသူမ ၀မ်းပန်းတနည်းငိုသော နေ့ရက်တစ်ရက်ပင်ဖြစ်သည်။ သူမအိမ်ရှေ့တွင် သူမစိုက်ထားသော ဗန်ဒါပင်နှစ်ပင်အား... သူမအဖေမှ အမှိုက်ရှုပ်တယ်ဆိုရ်ျ ခုတ်ပစ်လိုက်သောနေ့ပင် ဖြစ်သည်။ ထိုနေ့က သူမပြောသောစကားတစ်ခွန်းသည် ကျွန်တော်ရင်ထဲက ယခုထိမထွက်သေးပေ။

“မငိုပါနဲ့.. . အမှိုက်ရှုပ်လို့ ခုတ်လိုက်တာပဲ နင်ပြန်စိုက်လို့ရတာပဲ......”

          ကျွန်တော်ပြောလိုက်သောစကားသည် သူမ၏ ရင်ထဲမှတခုခုအား ထိခိုက်သွားပုံရသည်။ သူမ၏ စူးရှရှ မျက်ဝန်းအစုံသည် ကျွန်တော့်အားစိုက်ကြည့်ရ်ျ......

“ကိုရဲ......နင်သစ်ပင်တစ်ပင်ရှင်အောင် ..... အရင်စိုက်ကြည့်စမ်းပါဟာ... အသည်အခါကျမှ နင်အပင်တစ်ပင်ရဲ့ တန်ဖိုးကို ကောင်းကောင်းသိလိမ့်မယ်.. ခုကမ္ဘာမှာ ငါတို့ကို အကျိုးပြုနေတာ ဘာတွေလဲဆိုတာ နင်ကောင်းကောင်းသိသင့်တယ်...”

          ထိုနေ့မှစရ်ျ သူမကဲ့သို့ပင် သစ်ပင်တစ်ပင်ဖြစ်အောင် ကြိုးစားကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။ တိုက်ခန်းတွင်နေထိုင်သော ကျွန်တော့်အဖို့ အပင်တစ်ပင်ဖြစ်ဖို့ တော်တော်ခက်လိမ့်မည်ဟု ကျွန်တော်မထင်ခဲ့မိချေ...။

                   ***                        ***                        ***                        ***

          တစ်ရက်တွင် သူမသည်ကျွန်တော့်အား စာအုပ်တစ်အုပ် ၊ ဘွန်ဆိုင်းပင်တစ်ပင်နှင့် မျိုးစေ့ထုတ်များပေးလေသည်...။

          “ကိုရဲ....ငါ ထိုင်းတက္ကသိုလ်တစ်ခုမှာ Enviroment နဲ့ပတ်သက်ပြီး လျှောက်ထားတာ Scholarship ရတယ်... အဲဒါ နောက်နေ့ငါသွားရတော့မယ်လေ.... နင့်အတွက် ဒါလေးတွေပေးခဲ့မယ်... ငါ့ကိုယ်စားစောင့်ရှောက်ပေးပါဟာ....”

          ထိုနေ့သည် ကျွန်တော့်အတွက် အစိမ်းရောင်နေ့စွဲများပင်ဖြစ်သည်...။ သူမပေးခဲ့သော စာအုပ်ထဲတွင် Save the Green အမှတ်အသားများနှင့် အပင်များအကြောင်း သူမလက်ရေးဖြင့် ရေးသားထားသော အကြောင်းများ ပါဝင်နေသည်...။ သူမ၏ အစိမ်းရောင်စာအုပ်မှ အမှတ်အသားများသည် သူမလိုပင် ကျွန်တော့်ရင်ဘတ်ထဲအား...တစတစ ရစ်ပတ်ဝင်ရောက်လာလေ၏။

          သူမထွက်သွားသည်မှာ..... (၁)နှစ်ပင်ပြည့်တော့မည်။ ကျွန်တော့်တိုက်ခန်းငယ်ထဲတွင် သူမကိုယ်စား ထားရစ်ခဲ့သော.... အစိမ်းရောင် အပင်များစွာရှိသည်....။ သူမကြောင့် စိမ်းလန်းခဲ့ရသော ကျွန်တော့်အချစ်များသည် သူမချစ်သော သူမပေးခဲ့သော အပင်များနှင့်အတူ နေ့စဉ်ရှင်လျှက်ရှိသည်။ သူမပေးခဲ့သော စာအုပ်လေးနောက် သူမ၏ စိတ်ထားအား ကျွန်တော့်အချစ်နှင့်ထပ်တူ လေးစားနေမိတော့သည်။ သူမစာအုပ်လေး၏ နောက်ဆုံးစာမျက်နှာတွင်...........

တောင်ပေါ်က
ထင်ရှူးပင်လှလှကြီး
မဖြစ်ခဲ့ရင်တောင်
တောင်အောက်က
ချုံပုတ်လှလှလေးတော့
ဖြစ်နိုင်ရမယ်လေ....။

အောင်သင်း

ကျွန်မစိုက်ခဲ့တဲ့အပင်တွေ
တောအုပ်ကြီးလောက်
မဖြစ်ခဲ့ရင်တောင်.....
ကျွန်မပတ်ဝန်းကျင်
တစ်ခုလောက်တော့
အကျိုးပြုရင် ကျေနပ်ပြီ....။

‘စိမ်း’

          သူမဆိုသော ကျွန်တော့်ချစ်သူ၏ နာမည်မှာ ‘စိမ်း’ ဖြစ်ပါသည်.....။ သူမထားခဲ့သော သူမပေးခဲ့သော အစိမ်းရောင်စိတ်ဓာတ်များ အစိမ်းရောင်အပင်ငယ်များ အစိမ်းရောင်အချစ်များနှင့် အတူ ကျွန်တော်သူမပြန်အလာ စောင့်မျှော်နေဆဲဖြစ်သည်...။

*************


အောင်မိုးသူ

1 comment:

  1. ဘာပဲဖြစ်ဖြစ်ဗျာ...အချိန်တန်ပြန်ဆုံရမှာပါ
    အားပေးသွားပါတယ်။

    ခင်မင်စွာဖြင့်
    ချောကလက်ကျူးပစ်လေး

    ReplyDelete