Tuesday, January 17, 2012

ဗုဒ္ဓစကား ရင်ထဲထားနိုင်ပါစေ (ဖြေရှင်းချက်မဟုတ်ပါ။)



          မနေ့တစ်နေ့ကပဲ Facebook ရဲ့စာမျက်နှာတစ်ခုမှာ ဗုဒ္ဓဘာသာဝင်တွေကို ဘာသာရေးစော်ကားမှုပြုထားတဲ့ blogspotလင့်ခ်စ်ခုဟာ ပလူပျံနေခဲ့တယ်။ အဲသည်blogspot မှာ ဒေါသဖြစ်ချင်စရာကောင်းလောက် အောင်ကို ဘာသာတရားကို စော်ကားထားတဲ့ အကြောင်းအရာ၊ အပြုအမှု၊ အရေးအသားတွေနဲ့ ပေါ်ပေါ်ထင်ထင်စော်ကားထားတာတွေ တွေ့လိုက်ရတယ်။ ကျွန်တော် ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ ဘယ်လိုပြန်လည် ဖြေရှင်းမလဲ….။ ဒီblogspotဟာဘယ်သူရေးလဲ ဘယ်လို တရားစွဲမလဲဆိုတာကိုတော့ ကျွန်တော်တို့မတတ်နိုင်သေးပါဘူး။ မြန်မာနိုင်ငံမှာ အွန်လိုင်း(online)နဲ့ ပတ်သက်လို့ မူပိုင်ခွင့်(copyright)နဲ့ တရားစွဲဆိုခွင့်တွေ မရှိသေးတာတွေအတွက်ကြောင့်ပေါ့။ ကျွန်တော်တို့ဟာ သာမာန်လူသားတွေပါ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်တဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်သည်။ မိမိယုံကြည်သက်ဝင်တဲ့ တစ်ခုခုကိုစော်ကားရင် တော့ အားလုံးဒေါသတွေ ထွက်ကြမှာအမှန်ပင်။ ယခင်က အေကွန်(Akon)၏ သီချင်းတစ်ပုဒ်တွေ ဘုရားအရုပ် များဖြင့် ညစ်ညစ် ညမ်းညမ်း MTV(ဗွီဒီယို)ရိုက်ထားသည်။ ဗုဒ္ဓဘာသာဝင်အားလုံး ထိုWeb Page တွင် comment များစွာဖြင့် ရန်တွေ့ကြသည်။ ယခုကြုံတွေ့နေရသော တိုက်ခိုက်မှုမှာ ထိုထက်ပင် အဆများစွာ ကြီးကျယ်ပါသည်။ ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်မည်လဲ………………။

          ကျွန်တော်သည် ဤဆောင်းပါးအား မရေးမီ မြတ်စွာဘုရားရှင် ဘုရားဖြစ်ရန် ဖြည့်ဆည်းခဲ့ရသော ပါရမီ(၁၀)ပါး(မူလပါရမီဆယ်ပါး)ကို ဦးခိုက်ပါသည်။


(၁) ဒါနပါရီ                = စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း။
(၂) သီလပါရမီ           = (၅)ပါး၊ (၈)ပါးစသော (၁၀)ပါးဆိုင်ရာ သီလများကို စောင့်ထိန်းမှု။
(၃) နိက္ခမပါရမီ           = စည်းစိမ်ကို စွန့်ခွာ၍ တောထွက်မှု။
(၄) ပညာပါရမီ           = အရာရာ၌ သိတတ်နားလည်မှု။
(၅) ၀ီရိယပါရမီ           = ကုသိုလ်ကိစ္စအ၀၀တို့၌ မကြောက်မရွံ့သက်စွန့်ကြိုးပမ်းအားထုတ်မှု။
(6) ခန္တီပါရမီ              = သူတစ်ပါးက နှိပ်စက်လျှင်လည်း သည်းခံနိုင်မှုနှင့် အပူအအေးစသောဒဏ်ကို
ခံနိုင်မှု။
(၇) သစ္စာပါရမီ           = မှန်ကန်ဖြောင့်မတ်စွာ ပြောဆိုလုပ်ကိုင်မှု။
(၈) အဓိဌာန်ပါရမီ        = မိမိရည်မှန်းသော ကောင်းသောအလုပ်၌ ‘မဖြစ်မနေ’ဟု စွဲစွဲမြဲမြဲ ဇွဲကောင်းမှု။
(၉) မေတ္တာပါရမီ          = သတ္တ၀ါတို့အပေါ်၌ ချစ်ခင်သောအားဖြင့် ကောင်းကျိုးလိုလားမှု။
(၁၀) ဥပေက္ခာပါရမီ      = မုန်းအောင်ပြုသည်ကိုလည်းမမုန်း၊ ချစ်ခင်အောင်ပြုသည်ကိုလည်း မချစ်ဘဲ
လျစ်လျူရှုမှု။

                             ဘုရားအလောင်းတော်သည်  ဤသာမန်ဖြည့်ကျင့်မှု မူလပါရမီ(၁၀)ပါးအပြင် မျက်စိ၊ နား၊ အင်္ဂါခြေလက် စသည်တို့ကို အပျက်အစီးခံ၍ ဖြည့်ကျင့်ခဲ့သော ‘ဥပပါရမီ(၁၀)ပါး’၊ အသက်ကိုပင်မငဲ့ညှာဘဲ လွန်စွာသောဖြည့်ကျင့်မှု ‘ပရမတ္ထပါရမီ(၁၀)ပါး’တို့ကိုလည်း ဦးခိုက်ပါသည်။

                                      ***********************************************

                             လူမှုရေးအရ၊ ဘာသာရေးအရပါ မလုပ်သင့်သော အပြုအမှုတစ်ရပ်ပေါ်တွင် ကျွန်တော်တို့ အမုန်းပွားမိမှာ အမှန်ပင်။ မကျေနပ်သည်များကို ထိုဘလော့ပေါ်တွင် ကျတော်တို့သွားပြောမည်လား။ ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြတယ်။ ဒါကြောင့် မေတ္တာတရားကိုပဲလက်ကိုင်ထားရမည်ဟု ကျွန်တော်ထင်သည်။ ဗုဒ္ဓဘုရားရှင်ဟာ ဘုရားဖြစ်တော်မူကာနီး မာရ်နတ်ရဲ့နှောင့်ယှက်ဖျက်ဆီးမှုကို ကြုံရချိန်မှာ ဘုရားအလောင်းတော်မြတ်ကတော့ “သားအပေါ်ထားတဲ့ မိခင်ရဲ့မေတ္တာမျိုး”နဲ့ မတုန်မလှုပ် သည်းခံပြီး မာရ်နတ်ရဲ့ဖျက်ဆီးမှုကို မေတ္တာအစွမ်းနဲ့ အောင်မြင်တော်မူခဲ့တယ်။ ဘုရားဖြစ်ပြီးနောက်ပိုင်းမှာ လည်း မြတ်စွာဘုရားဟာ နှောင့်ယှက်ဖျက်ဆီးမှုအမျိုးမျိုးကို မေတ္တာဖြင့်သာအနိုင်ယူခဲ့တယ်။ ကျွန်တော် တို့ဟာ ပုထုဇဉ်လူသားတွေဖြစ်တယ်။ ဒါကြောင့် ဒေါသကြောင့်ကိုယ့်အပေါ်တုံ့ပြန်လာတာတွေကို ချက်ချင်းတုံ့ပြန်ကြမလား….။

ကိုယ်နှုတ်နှလုံး စောင့်ထိန်းရမယ်

          ကိုယ်နှုတ်နှလုံးမစောင့်ထိန်းခြင်းဟာ ဘေးအန္တရာယ်ကိုပွားစေတာအမှန်ပင်ဖြစ်သည်။ ကောကာလိက၀တ္တု၊ ဓမ္မပဒတွင် ဖော်ပြပါရှိသည်မှာ…

          ဟင်္သာအကူအညီဖြင့် တုတ်ကိုကိုက်ခဲကာ ပျံသန်းလိုက်ပါလာသောလိပ်သည် မစောင့်စည်းသော နှုတ်ခံတွင်းရှိလေ၏။ ဟိမ၀န္တာဟင်္သာတို့နေရာရေအိုင်တစ်ခုသို့ အတူလိုက်ပါစဉ် လမ်း၌ရွာသားငယ်တို့က အံသြပြီ “လိပ်ကို တုတ်ဖြင့် ဆောင်ယူကုန်၏။”ဟု ဟစ်အောင်ပြောဆိုကုန်၏။ လိပ်သည် ထိုသို့အော်ဟစ်သည် ကို တုံ့ပြန်ပြောဆိုလိုသောစိတ်က ပြင်းပြသည်တစ်ကြောင်း၊ မိမိ၏ ၀စီအကျင့် မစောင့်ထိန်းနိုင်သည်တစ် ကြောင်းကြောင့် “ငါ့ကို အပေါင်းအဖော်ဖြစ်ကုန်သော ဟင်္သာတို့က သယ်ဆောင်ကုန်၏။ ဟယ်.. ကျွန်ယုတ်တို့။ ဤသို့ယူဆောင်ရာ၌ အသင်တို့အားအဘယ်သို့ဖြစ်သနည်း” စသည်ဖြင့် စိတ်ကဖြစ်ပေါ်သည့် အတိုင်း နှုတ်ဝသီဖြင့်ပြောရန် နှုတ်ခံတွင့်ဖွင့်လိုက်ရာ ကောင်းကင် မှ ပြုတ်ကျပြီး မြေ၌သေပွဲဝင်ခဲ့ရသည်။

          ကိုယ်နှုတ်နှလုံးသုံးပါး မစောင့်ထိန်းသောကြောင့် သာဓကပင်ဖြစ်သည်။ မြတ်စွာဘုရားဟော ကြားတော် မူသည်မှာ……

          “မျက်မှောက်၊ တမလွန် နှစ်တန်သောအကျိုးကိုမသိသဖြင့် မိုက်မဲတွေဝေကြကုန်သော ပညာမဲ့သော သူတို့သည် ရန်သူနှင့်တူသော မိမိကိုယ်ဖြင့်(၀ါ) မိမိကိုယ်လျှင် ရန်သူရှိသည်ဖြစ်၍ ယုတ်မာသော အကုသိုလ် ကံတရားကိုပြုကြကုန်လျက် ကျင်လည်ကြကုန်၏။ ယင်းအကုသိုလ်ကံတရားသည် မခံသာအောင် ဆင်းရဲသော အကျိုးရှိသည်ဖြစ်၏။” ဟု (မိန့်တော်မူ၏။)
(သုဗ္ဗဗုဒ္ဓလူနူဝတ္တု၊ ဗမ္မပဒ)

                   *******************************************

          အခြားသူ၏အပြစ်အား အလွယ်တကူမြင်ခြင်းဟာ လူ့သဘာဝပင်ဖြစ်သည်။ “ကြည့်သောသူမြင်၏။” ဆိုသောစကားဆိုသည့်စကားလည်းရှိသည်။ ထိုစကားတွင် မိမိကိုယ်ကိုလည်း မြင်တတ်ရန်လိုသေးသည်။ လူများသည် အခြားသူ၏အပြစ်များအား မြင်လွယ်တတ်ကြပြီး မိမိအပြစ်ဆိုလျှင် တစ်ခြားသူသိမည်ဆို၍ ဖုံးကွယ်တတ်ကြသည်။ သူများအပြစ်အားမြင်သည်ဆိုသည်မှာလည်း ကိုယ်တိုင်ကရှာဖွေကြည့်လို့ သာ မြင်ရခြင်းဖြစ်သည်။ သူတစ်ပါးအကြောင်း မစဉ်းစားခဲ့လျှင် ရှာဖွေကြည့်စရာအကြောင်းမရှိပါ။

          “ဒါ..သက်သက်အပြစ်မရှိ အပြစ်ရှာတာပဲ”ဆိုသည့်စကားကိုလည်း အချို့လူများပြောတတ်ကြသည်။ လူအများသည် အခြားသူ၏အပြစ်ကိုရှာရုံမက အခြားသူ၏အပြစ်ကိုလည်း တတွတ်တွတ် (သို့) အော်ဟစ်ပြော ဆိုကြသေးသည်။ ထိုအပြုအမူသည် အပြစ်ရှာသူများ၏ အကျင့်စရိုက်ပင်ဖြစ်သည်။ အချို့မှာ ဆင်းရဲဒုက္ခဖြစ်စေ လိုသောဆန္ဒဖြင့် ၊ အချို့မှာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အပြစ်ရှာ တတ်ကြသည်။ ဘယ်လိုပင်ဖြစ်ဖြစ် အခြားသူ၏အပြစ်ရူမြင်ခြင်းသည် မွန်မြတ်ကောင်းမွန်သော လုပ်ရပ်မဟုတ်ပေ။ ထိုအရာသည်လည်း ဘာသာတိုင်း၏ လိုက်နာအပ်ရမည့် အပြုအမှုများတွင်ပါဝင်သည်။

          အခါတစ်ပါး၌ မြတ်စွာဘုရားသည် အင်္ဂတိုင်း၊ ဥတ္တရတိုင်းတို့၌ ဒေသစာရီကြွချီတော်မူခိုက် ယင်းသို့ ကြွတော်မူမည့်သတင်းကို ကြားသိရလျှင် မဏ္ဍကသူဌေးကြီးသည် မြတ်စွာဘုရားအား ခရီးဦးကြိုပြုရန် အတွက် သွား၏။ လမ်းခရီး၌ တိက္ထိတို့က “သင်သည် ကုသိုလ်ကောင်းမှုပြုအပ်၏ဟု အယူရှိသောသူဖြစ်ပါ လျက် ကုသိုလ်ကောင်းမှုမပြုအပ်ဟု အယူရှိသောရဟန်းဂေါတမ၏ထံသို့ အဘယ်ကြောင့် သွားရဘိ သနည်း”ဟု ဆိုကာ တားမြစ်ကြ၏။ သို့သော်လည်း သူဌေးကြီးက မနာယူဘဲ မြတ်စွာဘုရားထံ အရောက် သွားခဲ့သည်။ မြတ်စွာဘုရား၏ တရားတော်ကိုနားကြ၏။ သောတာပတ္တိဖိုလ်သို့ရောက်၍ မြတ်စွာဘုရားအား တိတ္ထိတို့သည် ကျေးဇူးမဲ့ကိုဆိုကာ မိမိအား တားမြစ်သောအဖြစ်ကို လျှောက်ထားလေသည်။ ထိုအ ခါ မြတ်စွာဘုရားသည် ဟောကြားတော်မူသည်မှာ…..

          “သူဌေးကြီး ၌သတ္တ၀ါတို့မည်သည်ကား ကြီးကျယ်မြားမြောင်သော်လည်း မိမိ၏အပြစ်ကို မမြင်နိုင်ကြကုန်။ ထင်ရှားမရှိသော်လည်း သူတစ်ပါး၏အပြစ်ကို ထင်ရှားရှိသည်ဟု ပြုလုပ်၍ ထိုထိုအရပ်တို့၌ ဖွဲကဲ့သို့ လွင့်ကြဲတတ်ကြကုန်သည်”ဟု (မိန့်တော်မူ၏။)


          ဆက်လက်၍ မြတ်စွာဘုရားသည် ဂါထာဖြင့်ဟောကြားရ၌

          “သူတစ်ပါး၏ အပြစ်ကိုမြင်လွယ်၏။ မိမိ၏အပြစ်ကိုကား မြင်နိုင်ခဲ၏။ ထိုစကား သင့်စွ။ ထိုသူတစ်ပါး၏ အပြစ်သာမြင်ပြီး မိမိအပြစ်မမြင်လေ့ရှိသောသူသည် ဖွဲကိုလွှင့်တတ်၏။”ဟု (မိန့်တော်မူ၏။)
(ဖွဲကိုလွင့်တတ်၏ဆိုသည်မှာ မြင့်သောနေရာ၌ထား၍ ဖွဲ လွှင့်ကြဲသကဲ့သို့ ထိုသူသည် သံဃာ့အလယ် စသည်တို့၌ သူတစ်ပါးတို့အပြစ်ကို လွှင့်ကြဲတတ်၏ဟူလို။)
(မေဏ္ဍကသူဌေးကြီးဝတ္တု၊ ဓမ္မပဒ)

                             ************************************

          ကျွန်တော်တို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အတွက် မေတ္တာဖြင့်သာ တုံ့ပြန်သင့်သည်။ မေတ္တာထားလျှင် အရာရာကိုငြိမ်းချမ်းသည်။ ကျွန်တော်သည်လည်း တရားရနေသော ဘုန်းကြီးတစ်ပါး မဟုတ်ပါ။ ပုထုဇဉ်လူသားတစ်ဦးသာ ဖြစ်ပါသည်။ ပုထုဇဉ်လူသား တစ်ဦးဖြစ် တာနှင့်အညီ ဒေါသ၊လောဘ၊ မောဟ၊ မာန်မာနများတော့ရှိသည်။ သို့သော် မြတ်စွာဗုဒ္ဓရဲ့ စကားကိုရင်ထဲ ထားကာ မေတ္တာဖြင့်သာတုံ့ပြန်ပါမည်။ ခန္တီပါရမီဆိုသည့် ပါရမီတစ်ပါးကိုရင်ထဲထားကာ၊ မေတ္တာ ပါရမီကို လက်ကိုင်ထားပြီးသာ တုံ့ပြန်ပါမည်။ ကျွန်တော့်လိုပဲ ဗုဒ္ဓဘာသာတိုင်းဟာလည်း ပါရမီ(၂) ပါးလောက်တော့ ကိုင်စွဲထားနိုင်ကောင်း ထားနိုင်လိမ့်မည်ဟုထင်ပါသည်။

စူးရှ
အင်္ဂါနေ့၊ ဇန်န၀ါရီ ၁၇ရက် ၂၀၁၂။
မွန်းလွဲ ၀၂း၁၂မိနစ်


1 comment:

  1. ဆောင်းပါးကောင်းလေးတစ်ပုဒ်ပါ
    ဖတ်ပြီးမှတ်သားသွားပါတယ်အကိုရေ

    ReplyDelete