ကွန်ပျူတာကိုပိတ်၍ ထမင်းချိုင့်ကိုဆွဲကာ
ရုံးကနာရီကို ကျွန်တော်မော့ကြည့်လိုက်မိ၏။ ည(၈)နာရီ။ ဒီအချိန်ဆိုလျှင် အိမ်ပြန်ချိန်တော်တော်နောက်ကျနေပြီ။
တစ်ရုံးလုံးတွင် ကျွန်တော်တစ်ယောက်တည်းသာ ကျန်ခဲ့သည်။ မီးများအားလုံးပိတ်၍ ကားမှတ်တိုင်ဆီသို့
ကျွန်တော်ထွက်လာခဲ့မိသည်။ ခြေလှမ်းမြန်မြန် လျှောက်တတ်သော ကျွန်တော့်ခြေလှမ်းများသည်
ယခင်နေ့များထက် ပိုမြန်နေသလိုပင်။ ရုံးနှင့်ကားမှတ်တိုင် မှာ အတော်အတန်လှမ်းသောကြောင်း
(၅)မိနစ်မျှလှမ်းလျှောက်ရသည်။ အင်းလျား ကန်ဘောင်ရှေ့တွင်ရှိသော တံတားဖြူမှတ်တိုင်သည်
ကျွန်တော်အလုပ်သွား အလုပ်ပြန်စီးနေကျမှတ်တိုင်တစ်ခုလည်းဖြစ်သည်။ နံနက် တိုင်း ညတိုင်း
အင်းလျားကန်ဝန်းကျင်ရှိ အလှအပကို အမြဲတစေခံစားလေ့ရှိသည်။
“တောင်ဥက္ကလာ
၊ ဘေလီ…ဘေလီ….”
ဘတ်(စ်)ကား ကားမှတ်တိုင်ကိုမရောက်မီကတည်းကပင်
ယာဉ်အကူ၏ အသံကို ကျွန်တော်ကြားနေရ ၏။ တောင်ဥက္ကလာဆိုသည်နှင့် အဆင်သင့်အပြေးတက်ရန် ဘတ်(စ်)ကားကို
ကျွန်တော်စောင့်ဆိုင်းနေမိလိုက် သည်။ ကျွန်တော့်ရှေ့ဘတ်(စ်)ကားရောက်သည်နှင့် ဆင်းသူအပြီးအမြန်ပြေးတက်လိုက်ရသည်။
ညမိုးချုပ် ၊ နံနက်စောစော မည်သည့်အချိန်မဆို ချောင်လည်သည်မရှိသော နေရာသည် ဘတ်(စ်)ကားပေါ်တွင်
ရှိမည်ဟု ကျွန်တော်ထင်မိသည်။ ဘတ်(စ်)ကားပေါ်ရောက်ပြီး လက်ကိုင်တန်းကို ကိုင်လိုက်ပြီးမှသာ
“ဟင်း”ကနဲဆို သည့် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်မိသည်။ ရန်ကုန်မြို့၏ လူနေမှုပုံစံတစ်ခုဟုပင်
ထင်မှတ်မိသည်။ ယာဉ်အကူတောင်းသော ကားခ (၂၀၀)ကျပ်ကိုပေးကာ လက်တန်းကိုကိုင်၍ လက်မောင်းတစ်ဖက်ပေါ်သို့
ခေါင်းကိုမီ၍ မျက်လုံးပိတ်ကာ နေလိုက်သည်။
××××××××××××××××××××××××××××××××
“ဝေါ…..ဝေါ…….”
ကြားလိုက်ရသောအသံသည် ကျွန်တော့်အတွက် စိုးရိမ်မှုတစ်ခု
ခေါင်းထဲသို့တိုးဝင်လာသလိုပင်။ “ရန်ကုန်မိုး အစိုးမရ”ဆိုသည့်အတိုင်း အိမ်ပြန်ချိန်
မိုးကအသောနှင်လာသည်။ လက်မောင်းပေါ် ငိုက်မျဉ်းနေ သော ခေါင်းကိုထောင်၍ ကြည့်လိုက်သည်။
ကျွန်တော်ရပ်နေသောရှေ့တွင် ထိုင်နေသော အဒေါ်ကြီးတစ် ယောက်သည် တံခါးကိုအလျှင်အမြန်ပိတ်ရှာသည်။
ထိုအဒေါ်ကြီး၏နောက်တွင် ထိုင်လာသော လူတစ်ယောက် သည် တံခါးကိုမပိတ်ဘဲ ရွာနေသောမိုးရေစက်များကို
လက်ဖြင့်ခံယူကြည့်နေသည်။ အချို့လူတွေကမူ တံခါး ကိုခပ်ဟဟသာ ပိတ်ထားသည်။ ကားမှန်ပေါ်ရှိ
မိုးရေစက်များကို ကြည့်နေသည်။ မိန်းကလေးတစ်ယောက်ကမူ ခေါင်းကိုငိုက်ကာငိုက်ကာ အိပ်ပျော်နေရှာသည်။
ကျွန်တော်လည်း ကားမှန်အပြင်ဘက်သို့ ငေးမောကြည့်လိုက် သည်။ စိတ်ထဲတွင်တော့ ဒီနေ့ကျွန်တော်မိုးရေချိုးတော့မည်ဆိုသည်မှာ
မလွဲပေ။
“မြင်သာဈေး…မြင်သာဈေး…..”
မိုးသည်းသည်းမဲမဲထဲမှ ဖောက်ထွက်လာသော ယာဉ်အကူအသံကြောင့်
ကျွန်တော်ကားပေါ် အမြန်ပြေး ဆင်းလိုက်၏။ မိုးအလွန်သည်းသောကြောင့် မိုးလွတ်မည့် ဆိုင်တစ်ဆိုင်ကို
အပြေးဝင်လိုက်မိသည်။ ဆိုနေသော ဆံပင်များအား ရေခါ၍ မိုးခိုရန် ၀င်လိုက်သောဆိုင်မှာ ဘီယာဆိုင်တစ်ခုဖြစ်နေမှန်း
ကျွန်တော်သိလိုက်ရသည်။ ယခင်က သည်နေရာတွင် မတွေ့ရသောကြောင့် ဆိုင်အသစ်ဖြစ်မည်ဟု ကျွန်တော်ခန့်မှန်းလိုက်သည်။
“ဘာသောက်မလဲခင်ဗျာ……”
Waiter (စားပွဲထိုး) အသံကြား၍ ရေခါနေစဉ်ခေါင်းမော့ကြည့်လိုက်စဉ်………။
“ဘာသောက်မလဲ…ခင်ဗျာ….”
အသားခပ်ဖြူဖြူ အသက်ကိုးနှစ်သာသာရှိသေးသော
ချာတိတ်တစ်ယောက်ကို ကျွန်တော်တွေ့လိုက် ရသည်။ ထိုချာတိအားကြည့်ကာ ယောင်နနဖြစ်….
“ဘီယာတစ်ခွက်ပဲပေးပါကွာ….”
“ဟုတ်ကဲ့ခင်ဗျ……”
ကျွန်တော့်ရှေ့မှ အပြေးထွက်ကာ ချာတိတ်၏ အသံကိုသာကျွန်တော်ကြားလိုက်ရသည်။
အပြင်ဘက် မှာတော့ မိုးကအငြိုးကြီးကြီးနှင့် ရွာကောင်းတုန်းပင်။ ဘီယာခွက်ကို ကျွန်တော့်ရှေ့လာချ၍
အခြားဝိုင်းဘက်သို့ တက်ကြွစွာ အလုပ်လုပ်နေသော ချာတိတ်ကိုကျွန်တော်ကြည့်နေမိသည်။ ကျွန်တော့်ရှေ့ရောက်နေသော
ဘီယာခွက်ကိုလည်း ကျွန်တော်ကြည့်လိုက်မိ၏။ မှာပြီးမှတော့ ဘီယာခွက်တစ်ခွက်ကို မနားဘဲကျွန်တော်
သောက်လိုက်သည်။ လည်ချောင်းပူဆင်းသွားသောအရသာနှင့် တစ်ကိုယ်လုံးရှိန်းတိန်းဖိန်းတိန်း
ဖြစ်သွားသည်။ သည်းနေသောမိုးသည် တော်တော်နှင့်ဆဲမည်မဟုတ်။ ကျွန်တော် စောနက ချာတိတ်လှမ်းခေါ်လိုက်သည်။
“ယူဦးမှာလား….ဦး….”
ချာတိတ်နှုတ်ခမ်းထွက်လာသော “ဦး”ဆိုသည့် စကားသံကြားသည်နှင့်
ကျွန်တော်အတွေးသည် အိမ်ရှိ ကျွန်တော့်တူမလေးအား သွားမြင်မိသည်။
“အေး…မသောက်တော့ဘူးကွာ…”
“ဒါဆို…ရှင်းတော့မှာပေါ့…..”
“အေး….ဒါနဲ့..မင်းကျောင်းမတက်ဘူးလားကွ….”
ကျွန်တော်မေးသော မေးခွန်းအားကြားသည်နှင့်
ချာတိတ်၏မျက်နှာသည် အရောင်အချို့ဖြတ်ပြေးသွား သည်။ ချာတိတ်၏မျက်လုံးများသည် အနည်းငယ်စိုစွတ်သွား၏။
မျက်နှာပေါ်ရှိအရောင်များသည် ချုပ်တည်း ထားသောအရောင်များဖြင့် ခပ်လဲ့လဲ့မျက်ဝန်းတစ်စုံကို
ကျွန်တော်တွေ့လိုက်သည်။ ချာတိတ်၏ နှုတ်ခမ်းလေး များသည် လှုပ်ရုံသာ တကယ်လှုပ်ရုံသာ။ ချာတိတ်ဆီက
စကားတစ်ခွန်းသာ ထွက်ကျလာသည်။
“မတက်ဘူး
…… ဦး”
ချာတိတ်ဖြေလိုက်သောစကားသည် တစ်ခွန်းတည်းနှင့်ပင်
ကျွန်တော့်အတွက် ပြည့်စုံသွားသည်။ ဆက်မမေးတော့ဘဲ….
“အေး…အေး..ရော့…ပိုတာမင်းမုန့်ဖိုးယူလိုက်နော်….”
“ဟုတ်…ကျေးဇူးတင်ပါတယ်…ဦး”
××××××××××××××××××××××××××××××××××××××
မိုးသည်းထဲပင် ကျွန်တော်လမ်းလျှောက်၍ အိမ်ကိုပြန်ခဲ့၏။
ခပ်လှမ်းလှမ်းနေ၍ ဘီယာဆိုင်ထဲသို့ ကျွန်တော်လှမ်းကြည့်မိလိုက်သေးသည်။ မိုးသည်းသည်းနှင့်
ချမ်းချမ်းထဲတွင် ချာတိတ်လေးတစ်ယောက် အလုပ်လုပ်နေဆဲပင်။ အတွေးများစွာနှင့်ပင် မိုးရေထဲကျွန်တော်
လမ်းလျှောက်နေမိသည်။ မြို့ပြတစ်ခု၏ မှိန်ပျပျ မီးရောင်များ၏ အတွင်းကျကျ ရပ်ကွက်ထဲရှိ
လမ်းထဲသို့ တဖြည်းဖြည်းကျွန်တော်လျှောက်လာနေမိ၏။ ထိုစဉ်…
“သကြား…………မုန့်ဖက်ထုပ်..ပူလေး………။
သကြား…………မုန့်ဖက်ထုတ်…ပူလေး။”
လမ်းလျှောက်နေသော ကျွန်တော့်ခြေလှမ်းများ
ခဏရပ်တန့်သွား၏။ မိုးသံများထဲမှ ခဏရပ်ကာ နားထောင်လိုက်သည်။
“သကြား………မုန့်ဖက်ထုပ်…..ပူလေး”
မိုးသည်းကြားထဲမှ ထွက်လာတဲ့ အသံ။ အလောတကြီး
တစ်ခုခုကိုပြီးမြောက်ချင်နေတဲ့ ဆန္ဒတွေ ရောပြွန်းနေတဲ့ အသံ။ ထိုအသံသည် ကျွန်တော်နှင့်
တဖြည်းဖြည်းနီးကပ်လာ၏။ အသံလာရာသို့ ကျွန်တော် ခေါင်းလှည့်ကာကြည့်လိုက်သည်။ ဈေးဆွဲခြင်းလေးထဲတွင်
မုန့်ဖက်ထုပ်များကို ပလတ်စတစ်အိပ်ဖြင့်ထည့်ကာ အပေါ်တွင် ပုဆိုးပိုင်းစတစ်ခုကိုဖုံးထားသည်။
ထိုဆွဲခြင်းအားဆွဲကာ မုန့်ဖက်ထုပ်အော်ရောင်းနေသော (၁၀)နှစ် ကျော်ကျော် ချာတိတ်လေးတစ်ယောက်။
“ချာတိတ်
လာဦးကွာ…။ မုန့်ဖက်ထုပ် တစ်ထုပ်ဘယ်လောက်လဲ”
“တစ်ထုပ်
တစ်ရာပါ ဦး..”
မိုးရေတွေကြားထဲကနေ တုန်တုန်ယင်ယင်ဖြေတဲ့
ချာတိတ်ရဲ့အသံ။ ခြင်းတောင်းထဲ ကျွန်တော်ကြည့် လိုက်တော့ ငါးထုပ်မျှသာကျန်တော့သည်။
“အကုန်လုံးပေးကွာ….”
“ဗျာ….”
“ကျန်သမျှ
အကုန်ပေးလို့…ပြောတာ..”
ကျွန်တော်ပြောလိုက်သော စကားသံကိုကြားသည်နှင့်
ချာတိတ်ရဲ့အာမေဠိတ်အသံသည် တစ်မျိုး ဖြစ်သွား၏။ ထိုအသံထဲတွင် အိမ်ပြန်ရတော့မည်ဟု ပျော်ရွှင်သောအသံပါနေသည်ကို
ကျွန်တော်သိလိုက်သည်။ မုန့်ဖက်ထုပ်များကို ကျွတ်ကျွတ်အိတ်ဖြင့်ထည့်ကာ ကျွန်တော့်ကိုခပ်မြန်မြန်လှမ်းကာပေးသည်။
“မင်း…ကျောင်းမတက်ဘူးလားကွ….”
ကျွန်တော်ပေးသော ပိုက်ဆံကိုရေတွက်ကာ မုန့်ဖက်ထုပ်ခြင်းထောင်းကိုသိမ်းရင်း။
“တက်တယ်ဗျ…..”
“ဘယ်နှတန်းရောက်ပြီလဲ….”
“ငါးတန်းပါ….ဦး…”
“ညတိုင်းရောင်းလား….”
“ဟုတ်ကဲ့….ညတိုင်းရောင်းတယ်…”
“မင်းစာကျက်ချိန်ကော
ရှိရဲ့လား…”
“ဒီလိုပါပဲ…ဦးရယ်..။
သားပြန်တော့မယ်…အိမ်မှာ ညီလေးနဲ့ ညီမလေးထမင်းစားဖို့ စောင့်နေလောက်ပြီ။”
ကျွန်တော့်ကိုနှုတ်ဆက်ကာ မိုးရေတွေကြားထဲ
ပြေးသွားသော ချာတိတ်ကိုကြည့်ရင်း “ဒီလိုပါပဲ” ဆိုတဲ့ ချာတိတ်ရဲ့ အဖြေကိုကျွန်တော် ခဏတာတွေဝေရင်း
စဉ်းစားမိလိုက်သည်။ ၀ယ်လာသော မုန့်ဖက်ထုပ်များကို အမေ့ကိုပေးကာ အအေးပတ်မည်ဆိုး၍ အကျီ
င်္ အ၀တ်အစားအမြန်လဲလိုက်သည်။ အ၀တ်အစားလဲနေစဉ်မှာ ပင် တွေ့ခဲ့ရသော ချာတိတ်နှစ်ယောက်အကြောင်းအား
ကျွန်တော်ပြန်စဉ်းစားမိသည်။ ကျွန်တော်အလုပ်အပြန် မိုးချုပ်မှ တွေ့ခဲ့ရသော ချာတိတ်နှစ်ယောက်။
အပြန်မိုးမချုပ်လျှင် ကျွန်တော်တွေ့ရမည် မဟုတ်ချေ။ ကျွန်တော် အိမ်ပြန်နောက်ကျနေသည့်
အချိန်မှာပင် ချာတိတ်နှစ်ယောက် လုပ်ငန်းခွင်ဝင်သည့်အချိန်ဖြစ်နေသည်။ သက်ပြင်းတစ်ချက်မှုတ်ထုတ်ကာ
အိပ်ရာထဲသို့ ကျွန်တော်ဝင်လိုက်မိသည်။
××××××××××××××××××××××××××××××
ညကမိုးရွာထားသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး
စိမ်းစိုမြနေတော့သည်။ ဒီနေ့လက်ဖက်ရည်ဆိုင် ထိုင်မည်ဟု ဆုံးဖြတ်ထားသောကြောင့် အိမ်မှခပ်စောစောထွက်ကာ
ကားမှတ်တိုင်နားရှိ လက်ဖက်ရည်ဆိုင်ကို ကျွန်တော်ဦးတည်လာခဲ့သည်။ မုန့်ဟင်းခါးကို နံနက်တိုင်းစားသောလည်း
တခါတရံလက်ဖက်ရည်ဆိုင်ထိုင်ပြီး မိတ်ဆွေများဖြင့် စကားပြောဖြစ်သည်။ ထုံးစံအတိုင်းလိုပင်
ကားမှတ်တိုင်နားရှိ လက်ဖက်ရည်ဆိုင်တွင် လူစည် ကားနေ၏။
“ဘာသောက်မလဲ…ခင်ဗျ”
အသံကြားရာသို့ ကျွန်တော်လှမ်းအကြည့်တွင်
မနေ့ညက ဘီယာဆိုင်တွင်မြင်သော မျက်ဝန်းအစုံနှင့် ချာတိတ်။ “အို….” ကျွန်တော့နှုတ်မှ စကားတစ်ခွန်းသာသဲ့သဲ့မျှ
ထွက်သွားသည်။
“မင်းက
ဒီမှာရော အလုပ်လုပ်သလား…”
“ဟုတ်ကဲ့…ဗျ…”
“မင်းကျောင်းမတက်ချင်ဘူးလား….”
မေးလိုက်ပြီးမှ ကျွန်တော်မှားသွားမှန်းသိသည်။
မနေ့ညကမြင်လိုက်ရသော အရောင်လဲ့လဲ့မျက်ဝန်း တစ်စုံ။ သောကတွေကို ချုပ်တည်းထားတဲ့ နှုတ်ခမ်းတစ်စုံကိုသာ
ကျွန်တော်မြင်ရသည်။ ချာတိတ်၏ ထိုအရောင်လဲ့သော မျက်ဝန်းအစုံမှ တောက်ပသော မျက်ဝန်းအစုံ
ချက်ခြင်းပြောင်းလဲသွာသည်။ နှုတ်ခမ်းအစုံ သည် အပေါ်သို့ကွေးညွတ်ကာ……။
“သားမှာ
ညီမလေး နှစ်ယောက်ရှိတယ်လေ… သူတို့က ကျောင်းတက်တယ်…။ သားတော့မတက်တော့ပါဘူး..”
ချာတိတ်စကားသံထဲတွင် ဂုဏ်ယူမှုများပါနေသည်ကို
ကျွန်တော်ခံစားမိလိုက်သည်။ နံနက်ခင်း နေရောင်နှင့် ချာတိတ်၏ မျက်ဝန်းအစုံမှာ ရွှေရောင်ခပ်လဲ့လဲ့။
ချာတိတ်ကိုကြည့်ရင်းပင် ညတုန်းက မုန့်ဖက်ထုပ် လှည့်ရောင်းနေသည့် ချာတိတ်အား ကျွန်တော်အမှတ်ရမိ၏။
“ဒီလိုပါပဲ…ဦးရယ်..။ သားပြန်တော့မယ်…အိမ်မှာ ညီလေးနဲ့ ညီမလေးထမင်းစားဖို့ စောင့်နေလောက်ပြီ။”
ဆိုတဲ့ ထိုချာတိတ်ရဲ့ အသံကို ကျွန်တော်ကြားယောင်မိလာသည်။ တက်တက်ကြွကြွနှင့် အလုပ်လုပ်နေသော
ချာတိတ်ကို ကျွန်တော် ကြည့်မိနေရင်းပင် လမ်းမတွင် ကျောင်းစိမ်းဝတ်စုံလေးတွေနှင့် ကျောင်းတက်ရန်သွားသော
ကလေးငယ်များကို ကျွန်တော်ကြည့်နေမိသည်။
ချာတိတ်နှစ်ယောက်ရဲ့အနာဂတ်……။ ကျွန်တော်တို့
ပတ်ဝန်းကျင် အနီးအနားက ကလေးတွေရဲ့ အနာဂတ်။ ထိုအနာဂတ်များသည် မည်သူ့လက်ထဲတွင် ရှိသလဲ။
ကျွန်တော်တွေးမိသည်။ ကျွန်တော့်အနာဂတ် ကျွန်တော့်လက်ထဲတွင်ရှိသည်။ သို့သော် ကလေးတွေရဲ့အနာဂတ်သည်
ကျွန်တော်တို့ လူကြီးတွေနှင့် မတူ။ ကလေးတွေရဲ့ အနာဂတ်ပေါ်လွင်အောင် လူကြီးတွေကို ပုံဖော်ပေးရမယ့်အချိန်ဖြစ်၏။
ကျွန်တော်တွေ့ရသော ချာတိတ်နှစ်ယောက်ကမူ ကိုယ့်အနာဂတ်ရော၊ အခြားသူရဲ့အနာဂတ်ပါ ပုံဖော်ပေးနေသည်။
ကျွန်တော့်ခေါင်းထဲ “လက်ကနဲ”အတွေးတစ်ခု ၀င်သွားသည်။ ကျွန်တော်တို့ အနာဂတ်ကိုလျှောက်လမ်းရဦးမည်။
ထို့အတူ ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ ကလေးငယ်များသည်လည်း လျှောက်လှမ်းရဦးမည်။ ထိုအနာဂတ်များကို
ရွှေရောင်အနာဂတ်များဖြစ်အောင် ကျွန်တော်တို့ပြုလုပ်ရမည်။ မိုးရေထဲက မုန့်ဖက်ထုပ်ရောင်းတဲ့
ချာတိတ်တစ်ယောက်ရဲ့ အနာဂတ်သည်။ ဘီယာဆိုင် ၊ လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးနေသော ချာတိတ်
တစ်ယောက်ရဲ့ ခပ်လဲ့လဲ့ ရွှေရောင်အနာဂတ်သည် ကျွန်တော်နှင့်တူချင်မှ တူလိမ့်မည်။ သို့သော်
ရွှေရောင်မှ ပိန်းပိတ်အောင် မှောင်နေသောအနာဂတ် ဖြစ်သွားမှာ ကျွန်တော်စိုးရိမ်မိသည်။
ကျွန်တော်တို့ပတ်ဝန်းကျင်တွင်
အနာဂတ်များစွာရှိသည်။
မဟူရာလို
အနာဂတ်ဖြစ်ချင်ဖြစ်မည်။
ပုလဲလို
အနာဂတ်ဖြစ်ချင်ဖြစ်မည်။
ရွှေရောင်လို
အနာဂတ်ဖြစ်ချင်ဖြစ်သည်။
ထိုအနာဂတ်များလှဖို့အတွက်
လက်တစ်စုံသာလိုပါသည်။
××××××××××××××××××××××××××××××××××××××
ရင်းနှင့်ရင်း၍
အောင်မိုးသူ(စူးရှ)
ဇူလိုင်လ
(၁၈)ရက် ၊ ၂၀၁၂ခုနှစ်။
ရင်ထဲကို ခတ်လှုပ်သွားနိုင်အောင် အကြောင်းအရာကောင်းတဲ့ဝတ္ထုပါ ၊၊
ReplyDeleteအဲဒီ့လိုအရွယ် ၊ အဲဒီလိုကလေးတွေ ကျွန်တော့်တို့ပတ်ဝန်းကျင်မျာ တော်တော်များများလာ ၊
အနာဂတ်အတွက် ရင်လေးစရ
( ကိုအောင်မိုးသူရေ )
ရင်နှင့်ရင်း၍ ဆက်လက်ထုဆစ်နိုင်ပါစေ